စေတိယင်္ဂဏစာလျှောက်မေးပွဲဆိုင်ရာ
စေတိယင်္ဂဏပရိယတ္တိစာလျှောက်မေးပွဲများကျင်းပခြင်း

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်ခန့်စေရန် ထိန်းသိမ်းစောင့်ရှောက်ရုံမျှသာမက ဗုဒ္ဓမြတ်စွာသာသနာတော် တည်တံ့စည်ပင်ပြန့်ပွားရေးလုပ်ငန်းများကိုလည်း တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကားရေးအတွက် သာသနာ့အာဇာနည်ပုဂ္ဂိုလ်အကျော်အမော်များ ပေါ်ပေါက်လာစေရန် ကြုံခဲလှစွာသော အခွင့်အရေးတစ်ရပ်အနေဖြင့် (၁၈၉၄)ခုနှစ်တွင် တည်ထောင်၍ သီးခြားစာသင်တန်း စာချတန်းများကို (၁၉၁၈)ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ၁၉၈၄ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်တွင် (၁၀၆) ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ယင်းကာလအတွင်း သာသနာတော်အဓွန့်ရှည်ရေးအတွက် နှစ်စဉ်မပျက်စာလျှောက်မေးပွဲကျင်းပခြင်း၊ စာအောင်ဆုနှင်းသဘင် ဆင်ယင်ကျင်းပပူဇော်ခြင်းနှင့် လစဉ်နိဗဒ္ဓဆွမ်းဆန်တော်များလောင်းလှူခြင်းစသည့် သာသနာရေးဆိုင်ရာများကို သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့၏ လှူဒါန်းငွေများဖြင့် နှစ်စဉ်မပြတ် ကုသိုလ်အထပ်ထပ်ဖြင့် သာသနာ့အသက်သွေးကြောဆက်လက် ရှင်သန်နေစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။
ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲစေရန် အဇာတသတ်မင်း၏ ပစ္စယာနုဂ္ဂဟဖြင့် အရှင်မဟာကဿပမထေရ် အကြီးအမှူးပြုသည့် ရဟန္တာ (၅၀၀)တို့က ပထမသင်္ဂါယနာတင်တော်မူခဲ့သည်မှ အစပြု၍ သာသနာ့ဝန်ဆောင်သံဃာတော်များက စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြ၍သာလျှင် ယခုအချိန်အထိ သာသနာတော်စည်ပင်ထွန်းကားပြန့်ပွားလျက်ရှိနေသည်ဟု မှတ်သားရပါသည်။
ပရိယတ္တိအကျော်အမော်များ ထွက်ပေါ်စေရေးအတွက် ဤကဲ့သို့ အဆင့်အတန်းမြင့်မားပြီး စည်းကမ်းပြည့်ဝသည့် စာလျှောက်မေးပွဲကြီးများ ကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်၏ အားပေးချီးမြှောက်မှု၊ ဆရာတော်၊ သံဃာတော်များ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု အစုစုအပြင် စာဖြေသံဃာတော်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယနှင့် အများပြည်သူအပေါင်းတို့၏ ပစ္စယာနုဂ္ဂဟအထောက်အပံ့များကြောင့်ပင်ဖြစ်ပါသည်။
သို့ဖြစ်၍ စေတိယင်္ဂဏ စာမေးပွဲစတင်သည်မှ ၁၀၆ ကြိမ်အထိ သီးခြားစာသင်တန်းအောင် “အဘိဝံသဘွဲ့ရသံဃာ” ၉၂၃ ပါး၊ သီးခြားစာချတန်း အောင် “ဝဋံသကာ” ၁၁ ပါး အပါအဝင် “ဂန္ထဝါစကဘွဲ့ရသံဃာ” ၃၇၃ ပါးသော သာသနာ့အာဇာနည် ရဟန်းတော်တို့ ပေါ်ထွန်းလာခဲ့ပါသည်။
ထို့အပြင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ် (၁၀၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် “စေတိယင်္ဂဏပဝရသိရိမဟာဓမ္မဂုရု” ဘွဲ့တံဆိပ်တော်အား –
– ပရိယတ္တိဝိသာရဒဂုဏ်၊ စာပေသင်ကြားမှု၌ ရဲရင့်ခြင်း။
– ဂန္ထကာရကဂုဏ်၊ ကျမ်းစာပေပြုစုခြင်း။
– ပဋိပတ္တိနိယတာစရဂုဏ်၊ ကမ္မဋ္ဌာန်း တရားမပြတ် အားထုတ်ခြင်း။
– စိရပဗ္ဗဇိတဂုဏ်၊ ရဟန်းဝါ သိက္ခာကြီးရင့်ခြင်း။
– သံဃဂရုသံဃပရိဏာယကဂုဏ်၊ သံဃာအများ၏ လေးစားခံရခြင်း။
စသည့် ဂုဏ်အင်္ဂါရပ်များကြောင့် သာသနာ့နယ်ပယ်တွင် ရဟန်းရှင်လူ အများ ပြည်သူတို့ လေးစားကြည်ညို ပူဇော်ကော်ရော်ခြင်းခံရသော ဆရာတော်ကြီး (၄) ပါးဖြစ်သော “ပါမောက္ခချုပ် ဆရာတော်” “ကလေးဝဆရာတော်” “ယောဆရာတော်” နှင့်“လှရတနာဆရာတော်” တို့အား ချီးမြှောက်ပူဇော် နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အစဉ်အလာကောင်းပြီး စနစ်တကျနှင့်ခက်ခဲစွာဖြေဆိုရသည့် ပရိယတ္တိဆိုင်ရာ စာလျှောက်မေးပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးကို နာယကဆရာတော်၊ ဩဝါဒဆရာတော်များ လမ်းညွှန်ကြီးကြပ်မှုနှင့် သဒ္ဓါတရားအပြည့်တို့ဖြင့် ကျင်းပခဲ့ကြသည့် ကုသိုလ်ထူးမှတဆင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါသည်။ စာအောင်အရှင်သူမြတ်ဘုရားသားတော်တို့ကို အမှီပြုကာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကောင်းကျိုးများ တိုးပွားကြပြီး၊ ဗုဒ္ဓသာသနာတော်ကြီး ရောင်ဝါနေသို့ အဓွန့်ရှည် တည်တံ့ထွန်းလင်းတောက်ပလျက် ရှိသည်ဟုလည်း ယုံကြည်သဒ္ဓါပွားရပါသည်။

စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ် (၁၀၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ်“စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု” ဘွဲ့ရ ဆရာတော်ကြီး(၄)ပါး
“စေတိယင်္ဂဏ ဝဋံသကာ” ဘွဲ့ရ ဆရာတော်ကြီး(၁၁)ပါး
