ပွဲတော်များ

ရွှေတိဂုံစေတီတော် ၁၂လ ရာသီပွဲတော်များ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း‌ဂေါပကအဖွဲ့သည် စေတီတော်ကြီးနှင့် အရံသာသနိက အဆောက် အဦများ အဓွန့်ရှည်တည်တံ့ခိုင်စေရန် လာရောက်ဖူးမြှော်ကြသော ရဟန်း၊ ရှင်လူပြည်သူများ စိတ်ကြည်လင်ချမ်းမြေ့ ကြစေရန်နှင့် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားပြန့်ပွားစေရန် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ ဗုဒ္ဓသာသနာတော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခါတော်နေ့ အခမ်းအနားများကို ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၈၀ ခုနှစ်အချိန်ကာလအထိ စေတီတော်ကြီး၌ တပေါင်းလတွင် တပေါင်းဗုဒ္ဓပူဇနိယပွဲတော်၊ တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲတော်၊ ကဆုန်လတွင် ညောင်ရေသွန်း လောင်းပွဲတော်တို့သာ ကျင်းပခဲ့ကြပါသည်။ ဘက်စုံပြုပြင်ထားသည့် ခမ်းနားထည်ဝါသော ရင်ပြင်တော်ကြီး၌ သာသနာ၊ ဘာသာ ဆိုင်ရာလှုပ်ရှားမှု စဉ်ဆက်မပြတ်ရှိနေသင့်သည်ဟု ဆန္ဒတူညီကြပြီး ၁၂ လရာသီတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးနှင့် မဆန့်ကျင်သော ပွဲတော် အခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရန် ဂေါပကအဖွဲ့သည် ဩဝါဒါစရိယဆရာတော်ကြီးများထံသို့ လျောက်ထားဩဝါဒခံယူခဲ့ပြီး ရုံးဝန်ထမ်းများနှင့် ဂေါပကအဖွဲ့တွင် မှတ်ပုံတင် ထားသော ဗုဒ္ဓဝေယျာဝစ္စအသင်းများ၏ အင်အားတို့ကို စုပေါင်းအခြေခံထားကာ လအလိုက် ဘာသာရေးဆိုင်ရာပွဲတော် များကို ၂၀၀၅ ခုနှစ်မှစတင်ကာ တိုးတက်ကျင်းပပြုလုပ်ခဲ့ပါသည်။