ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

Jul 10, 2025 | 12 month seasonal festival, News

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် -ဇူလိုင်( ၉ )
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်၁၃၈၇ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပပါသည်။

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျဝစ္စအကျိုးဆောင်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး ဆွမ်းများဖြင့် ကပ်လှူပူဇော်ကြပါသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျဝစ္စအကျိုးဆောင်အသင်းအဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော် ခြင်း၊ ဓမ္မစကြာအမွှန်း ဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပါသည်။

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စတင်၍ ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုရွှေကြာ သင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော် တစ်ပတ်လက်ယာရစ် လှည့်လည်ပူဇော်ကြရာဘုရားဖူးလာပြည်သူများကအလှူတော်များလှူဒါန်းကြပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများကစေတီတော်ရင်ပြင်အထက် ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီးဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန်ဆောင်းမုခ် ၄ မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပါသည်။

ဆက်လက်၍ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်(ဓမ္မစကြာအခါတော်နေ့) ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျ သဘာပတိဦးဘိုးသင်းက အဖွင့်မင်္ဂလာစကား လျှောက်ထားပါသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့၀န်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမမဟာသဒ္ဒမ္မဇောတိကဇ၊အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတစမ်းချောင်းမြို့နယ် နေနတ်သားစာသင်တိုက် ပဓာန နာယကဘဒ္ဒန္တ သုစိတ္တ ထံမှလှူဒါန်းမှုအစုစုတို့အတွက်အနုမောဒနာတရားနာကြယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များ‌အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဥပုသ်သီတင်းသီလဆောက်တည်ကြသော ယောဂီအပေါင်း သူတော်ကောင်းတို့ကို နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၅ ဧပြီ ၁၇ ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း...

read more