ပန်းပုပညာ

အသေးစိတ်အချက်အလက်များ
ပန်းပုပညာဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ရွံ့စေး၊ ဖယောင်း စသည့်ဝတ္ထုပစ္စည်းများကို ထုထွင်းပုံဖော်သောအနုပညာ ရုပ်လုံးရုပ်ကြွများ ဖန်တီးသည့်အတတ်ပညာ ဖြစ်ပါသည်။ ပန်းပုပညာတွင်အကြမ်းထည်ပစ္စည်း များကို ပုံကြမ်းရေးဆွဲခြစ်ခြင်း၊ ပုံသွင်းခြင်း(ပုံစံရေးဆွဲခြင်း)နှင့် ရေးဆွဲထား သည့်ပုံ၏ အတိုင်းအတာအချိုးအစား ရရှိအောင် ပုံဖော်ထုဆစ်ရသော ပညာရပ်ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရခိုင်တန်ဆောင်း၊ ၇-ရက်သားသမီးတန်ဆောင်း၊ ရွှေစေတီတန်ဆောင်း၊ အရှေ့ဘက်အာရုံခံတန်ဆောင်း စသည်တို့သည် မြန်မာမှုပန်းပုလက်ရာများဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသော တန်ဆောင်းများ ဖြစ်ပါသည်။ မြန်မာမှု ဘုံပြာသာဒ်အဆင့်ဆင့်တို့တွင် မုခ်ပန်း၊ အလယ်တုရင်ပန်း၊ ထောင့်တုရင်ပန်း၊ ‌ထောင့်ပန်း၊ ဖောင်းပန်း၊ ဖောင်းပန်းဆွဲ၊ ကြေးခွေ၊ အဆော်၊ ခြူးပန်း၊ ခြူးနွယ်၊ ‌ပန်းပွင့်၊ ပန်းပြောက်၊ ပန်းချီ၊ ပန်းပုစသည့် မြန်မာမှုရုပ်လုံးရုပ်ကြွများကို ထုဆစ်ပုံဖော်ကာ တည်ဆောက်ထားရှိပါသည်။
ရင်ပြင်တော်မြောက်ဘက်၇-ရက်သားသမီးတန်ဆောင်း၌ မြန်မာမှု ပန်းပုပန်းများကို ဘုံပြာသာဒ်အဆင့်ဆင့်တွင် ဗုဒ္ဓဖြစ်တော်စဉ် (၅၅၀) နိပါတ်တော်တို့မှ အချို့ကို သရုပ်ဖော်ထုဆစ်ထားရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ရာ ကိုလိုနီခေတ်ဟန် ပန်းပုရုပ်လုံးရုပ်ကြွအချို့လည်း ပါဝင်ပါသည်။ ထို့အပြင် ရင်ပြင်တော်စနေထောင့် ရခိုင်တန်ဆောင်းရှိ ဘုံပြာသာဒ်အဆင့်ဆင့်တို့တွင်လည်း ပန်းပုပညာရပ်၏ အနုစိတ်လက်ရာ အကွေ့အကောက်၊ ခြူးပန်း၊ ခြူးနွယ်၊ ပန်းပွင့်၊အဖောင်းအကြွပန်းများသည် ယနေ့ခေတ်တွင်မြင်တွေ့ရခဲသော ပန်းပုပညာရှင်၏ အံ့မခန်းအနုပညာ တစ်ရပ်ဖြစ်ပါသည်။