အသေးစိတ်အချက်အလက်များ


အမည်
ဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား
ကျင်းပသည့်လ
တန်ခူးလ
ကျင်းပသည့်အချိန်
နှစ်စဉ်မြန်မာ့အတာသင်္ကြန်ကာလမရောက်ခင်(၁)ရက်အလို
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းကုန်ဆုံးခါနီး နှစ်သစ်ကူးပြောင်းစချိန်ကာလ သင်္ကြန်အစိုးရရုံးပိတ်ရက်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်း အမျိုးသား၊ အမျိုးသမီးတို့အတွက် ဗုဒ္ဓဘာသာဝင်တို့ အဖိုးမဖြတ်နိုင်သော ဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်ပွဲကို ကျင်းပလေ့ရှိပါသည်။ အလှူပွဲမကျင်းပမီ အဖိတ်နေ့ညနေပိုင်းတွင် ဌာနအသီးသီးမှ ဝန်ထမ်းများသည် ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက် ထီးတော်ရုံတန်ဆောင်းတွင် စုဝေးပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဒုလ္လပဝတ်မည့်ရဟန်းများ၊ သီလရှင်များ၊ ရုံးတန်ထမ်းများနှင့် ဧည့်သည်တော်များ၏ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ကြပါသည်။ ထို့နောက် ဆံနွယ်များကို ပယ်သတ်ခြင်း(ဆံချခြင်း)၊ သံဃာတော်အရှင်သူမြတ်များထံမှ သင်္ကန်းတောင်းခြင်း၊ သရဏဂုဏ် သုံးပါးကို ပီသစွာ ရွတ်ဆို၍ ကိုရင်ကြီး၊ သီလရှင်ဘဝကူးပြောင်းကာ သာသနာအမွေကို ခံယူကြပါသည်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိသည့် ဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အခမ်းအနားသည် အဖိုးမဖြတ်နိုင်သော သာသနာ့အမွေခံယူသော ပွဲဖြစ်သည့်အတွက် သာသာနာတော်မြတ်ကြီးအား ထိန်းသိမ်းရာရောက်သကဲ့သို့ နှစ်ဟောင်းအညစ်အကြေးများကို အတာရေနှင့် ဆေးသကဲ့သို့ မြန်မာတို့၏ နှစ်သစ်ကူးခြင်း တစ်မျိုးပင် ဖြစ်ပါသည်။