ပန်းတော့ပညာ

အသေးစိတ်အချက်အလက်များ
ပန်းတော့ပညာဆိုသည်မှာ ဂူဘုရားများအဝင်ပေါက်အပေါ်ရှိ မုခ်တံကဲတွင် အင်္ဂတေပညာဖြင့် ပန်းခတ်၊ ပန်းလက်၊ ရုပ်ကြွရုပ်လုံး အမျိုးမျိုး သော ပုံသဏ္ဍာန်၊ သက်ရှိသက်မဲ့အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်ပါသည်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်က ပင်ပန်းတော့လက်ရာပညာများကို တွေ့ရှိနိုင်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဝတ္ထုကံမြေအတွင်းရှိ စေတီများ၊ အုတ်ဂူပြာသာဒ်အများစုနှင့် တန်ဆောင်းအချို့သည် ပန်းတော့ ပညာရပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင်နတ်ရုပ်၊ ဘီလူးရုပ်၊ ဇော်ဂျီရုပ်၊ နဂါး ရုပ်၊ ဒေါင်းရုပ်စသည့် ရုပ်လုံးရုပ်ကြွများသည် ပန်းတော့ပညာရပ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။
မြန်မာမှုလက်ရာအမြောက်ဆုံးအနေဖြင့် ရင်ပြင်တော် ရာဟုထောင့်အနီး မနောစိတ္တုပ္ပါဒ်တန်ဆောင်း၏ ဘုံပြာသာဒ်အဆင့်ဆင့်သည် ပန်းတော့ပညာရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ရွှေတန်ဆောင်း(ဓာတ်ပုံပြခန်း)၊ ထီးတော်ရုံတန်ဆောင်း၊ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း စသည်တို့တွင်လည်း ပန်းတော့ပညာရပ်ကို မြင်တွေ့နိုင်ပါသည်။