မြတ်ရွေတိဂုံဓမ္မစာစောင်များထုတ်ဝေခြင်း
မြတ်ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်ပေါ်သည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဖြစ်တည်လာခဲ့ပါသည်။ မြတ်ရွှေတိဂုံစေတီတော် နှင့် ပတ်သတ်၍ ကျောက်စာများ၊ ပေစာများ၊ ရာဇဝင်ကျမ်းစာအုပ်များစွာ ကို ရေးထိုမှတ်တမ်း တင်ထားပြီး ဖြစ်ပါ သည်။ နှစ်ပေါင်း ၂၆၁၀ ကျော်ကာလကတည်းကပင် တည်ရှိခဲ့ရာ သမိုင်းဝင်သိမှတ်စရာများ သည် များပြားလှပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ တော်မြတ် သမိုင်းမှတ်တမ်းအတွက် မှတ်တမ်း မှတ်ရာများ ကျန်ရှိရန် အရေးကြီးလှပါသည်။ ရွှေတိဂုံစေတီတော်မြတ် သမိုင်းအတွက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က သမိုင်းမှတ်တိုင်ကျန်ရစ်စေရန် အတွက် မြတ်ရွှေတိဂုံဓမ္မစာစောင်ကို စတင်ထုတ်ဝေရန် စည်းဝေး တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။ ကောင်းမြတ်သော ဆန္ဒမွန် ရှေ့ပြေးအဖြစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ စတင်၍ ရွှေတိဂုံစေတီတော် သတင်းလွှာ အတွဲ(၁)၊ အမှတ် (၁)ကို စတင်ထုတ်ဝေခဲ့ပါသည်။ သတင်းလွှာကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် အတွဲ (၁)၊ အမှတ် (၆) ကိုထုတ်ဝေခဲ့ပါသည်။ မြတ်ရွှေတိဂုံဓမ္မစာစောင်ကို ၂၀၀၈ ခုနှစ် ဧပြီလတွင် အတွဲ(၁)၊အမှတ်(၁)ကို စတင် ထုတ်ဝေ လျက်ရွှေတိဂုံစေတီတော်မြတ်ကြီး သမိုင်းဆိုင်ရာများကို ပြည်သူများအားဖြန့်ဝေပေးခဲ့ပါသည်။ ဓမ္မ စာစောင်တွင် မြတ်ရွှေတိဂုံစေတီတော်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ပြယုဂ်အနှစ်ဖြစ်ကြောင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ၊ ဆရာတော်ကြီးများ ၏ ဩဝါဒကထာများ၊ ကဗျာများ၊ ရှေးဟောင်း ဓာတ်ပုံများ၊ ဆောင်းပါးများ ဖြင့်ဖော်ပြပေးခဲ့ပါသည်။ မြတ်ရွှေတိဂုံဓမ္မစာစောင်သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ တရားဓမ္မ အမွေအနှစ်ကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း တင်ပြအပ်သည်။
