ဗုဒ္ဓပြတိုက်

ဗုဒ္ဓပြတိုက်
ရွှေတိဂုံစေတီတော်ရင်ပြင်ဗုဒ္ဓဟူးထောင့်အရပ်ရှိဧည့်ခံတန်ဆောင်းသည် မူလပထမပြတိုက်ဖြစ်သည်။ စေတီတော်ကြီးသို့ ခေတ်အဆက်ဆက်မှ လာရောက်လှူဒါန်းထားသော လက်ဝတ်ရတနာအထည်အမျိုးမျိုးမှ ရွှေရည်ကျို၍ ရွှေစင်၊ရွှေပြား မပြုလုပ်သင့်သည့် ရွှေထည်ပစ္စည်းများ၊ မြန်မာမှုအနုပညာလက်ရာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများကို စုစည်းထိန်းသိမ်းထားသော ပရိဘောဂတိုက်အနေဖြင့် ထိုတန်စောင်းအား (၁၉၇၀)ခန့်အထိ အသုံးပြုခဲ့ပြီး ထိုအချိန်တွင် ရွှေတိဂုံစေတီတော်၏ သီးခြားပြတိုက် မရှိသေးပါ။ ပရိဘောဂတိုက်တွင် ထိန်းသိမ်းထားရှိသော ပစ္စည်းများ များပြားလာသောအခါ စေတီတော်ပြတိုက်တစ်ခုသီးခြားတည်ဆောက်ရန် လိုအပ်သဖြင့် (၁၉၇၆)ခုနှစ်တွင် သီးခြားပုံစံရေးဆွဲစေကာ ပြတိုက်ကြီးတစ်ခု တည်ဆောက်ခဲ့ပါသည်။ ထိုတန်ဆောင်းမှာ ယခုအသုံးပြုနေသော ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တန်ဆောင်း ဖြစ်ပါသည်။
ယင်းပြတိုက်ကြီးတွင် ပရိဘောဂတိုက်နှင့် ထိန်းသိမ်းထားရှိသော မြန်မာမှုအနုပညာလက်ရာပစ္စည်းများ၊ ရှေးဟောင်းအဖိုးတန်ပစ္စည်းများနှင့် ရှေးဟောင်းရုပ်ပွားဆင်းတုတော်များအား ပြတိုက်အတွင်းခင်းကျင်းကာ အများပြည်သူတို့အားလေ့လာကြည်ညိုခွင့်ပြုခဲ့ပါသည်။
ရွှေတိဂုံစေတီတော်ပြတိုက်အတွင်း ဗုဒ္ဓရုပ်ပွားတော်ကြီး၅ဆူအပါအဝင် ပြသပစ္စည်းများသည် တစ်နေ့တစ်ခြား ပိုမိုများပြားလာသောကြောင့် ပြတိုက်နှင့်မတူဘဲ သိုလှောင်ရုံသဖွယ်ဖြစ်နေပါသည်။ ၁၉၈၆ခုနှစ်တွင် ဂေါပကအဖွဲ့သည် ပညာရှင်အဖွဲ့နှင့်ညှိနှိုင်းကာ ပြတိုက်အသစ်တစ်ခုတိုးချဲ့ဆောက်လုပ်ရန် လုပ်ငန်းအစီအမံများ စတင်ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းအကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိပါ။
၁၉၈၉ခုနှစ်တွင်နိုင်ငံတော်မှ ဦးဆောင်ကာ ရွှေတိဂုံစေတီတော်နှင့် ဆက်စပ်သော လုပ်ငန်းကြီး၃ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းလုပ်ငန်းကြီး၃ရပ်အနက် တစ်ခုအပါအဝင်ဖြစ်သော ရွှေတိဂုံစေတီတော်ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်ကြီးကို (၁၄.၁၀.၁၉၈၉) ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ (၁၄.၇.၁၉၉၂) တွင်ပြီးစီး၍ ဖွင့်လှစ်ပြသခဲ့ပါသည်။ အဆောက်အအုံ၏ပုံစံကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဗိသုကာပညာရှင်များကရေးဆွဲပြီး တည်ဆောက်မှုလုပ်ငန်းကို အမှတ်(၂)စက်မှုဝန်ကြီးဌာနက တည်ဆောက်ခဲ့ပါသည်။ ၂၀၁၃ခုနှစ်တွင် ပြတိုက်ကြီးအား အဆင့်မြှင့်တင်ခင်းကျင်းမည်ဖြစ်သောကြောင့် နိုင်ငံတော်မှဦးဆောင်၍ ဆပ်ကော်မတီအသီးသီးဖွဲ့စည်းပြီး ဗုဒ္ဓပြတိုက်အဆင့်မြှင့်ပြင်ဆင်ခင်းကျင်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။
ဗုဒ္ဓပြတိုက်ကြီးသည်ရွှေတိဂုံစေတီတော်၏ ရာဟုထောင့် ရင်ပြင်တော်နှင့်တစ်ဆက်တည်းတွင် တည်ရှိပါသည်။ ဗုဒ္ဓပြတိုက်ကြီးသည် ယခင်က အပေါ်ဆုံးထပ်အား ပြတိုက်ကြီးအဖြစ်လည်းကောင်း၊ အလယ်ထပ်တွင် ပိဋကတ်တိုက်အဖြစ်လည်းကောင်း၊ မြေညီထပ်အား မော်ကွန်းတိုက်အဖြစ်လည်းကောင်း၊ (၃)ထပ်အဆောက်အဦးကြီးတွင် ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်အဖြစ် ၁၉၉၂ခုနှစ် ဇူလိုင်လ(၁၄)ရက်တွင် စီမံဆောင်ရွက်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၃ခုနှစ်တွင် ပြတိုက်ကြီးအား ဗုဒ္ဓပြတိုက်အဖြစ် အဆင့်မြှင့်ခင်းကျင်းမည်ဖြစ်သောကြောင့် အလယ်ထပ်တွင်ရှိသော ပိဋကတ် စာကြည့်တိုက်အား အရှေ့ဘက်အာဇာနည်လမ်းရှိ ဒေါ်လှဆင်ပိဋကတ်တိုက်သို့လည်းကောင်း၊ မြေညီထပ်တွင်ရှိသော မော်ကွန်းတိုက်အား ဦးအုန်းခင်(ဖျာပုံ)ပိဋကတ်တိုက်သို့လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ပြတိုက်ကြီး၏ (၃)ထပ်အဆောက်အဦးကြီး တစ်ခုလုံးအား ပြုပြင်မွမ်းမံခင်းကျင်း၍ ဗုဒ္ဓပြတိုက်ကြီးအဖြစ် ၁၈.၃.၂၀၁၆နေ့တွင် အသစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
ဗုဒ္ဓပြတိုက်ကြီးတွင် ယုံကြည်ကိုးကွယ်မှုနှင့်ဆိုင်သောပစ္စည်းများ၊ သာသနာတော်ဆိုင်ရာပစ္စည်းများ၊ မြန်မာ့ရိုးရာထုံးဓလေ့သုံးပစ္စည်းများ စသည်ဖြင့် အလွန်ရှားပါးရှေးကျသော အနုပညာလက်ရာမြောက်သောပစ္စည်းများအား ခင်းကျင်းပြသထားပါသည်။

တည်နေရာ

အနောက်ဘက်မုခ်

Gallery