သာသနာတော်ထွန်းကားမှု

ရွှေတိဂုံစေတီတော်မှ မင်းအဆက်ဆက်တို့၏ သမိုင်းဝင်ကောင်းမှုတော်များ

ဘုရင်မကြီးရှင်စောပုကောင်းမှုတော်

သက္ကရာဇ် (၈၁၄)နှစ်တွင် ရာဇာဓိရာဇ်မင်း၏ သမီး‌တော် ဗညားကျန်းတောဘွဲ့ခံ ရှင်စောပုသည် ဟံသာဝတီထီးနန်းကို စိုးစံရာ ရွှေတိဂုံဆံတော်ရှင်အား ကြည်ညိုတော်မူလှသဖြင့် မိမိ၏ရွှေကိုယ်အလေးချိန် ၂၅ပိဿာ (၉၁ ပေါင်)နှင့် စက်၍ ညီမျှသော ရွှေကို မျက်ပါးခတ်ပြီး စေတီတော်ကြီးအား ရွှေသင်္ကန်းအပြည့်ကပ်လှူ၏။ ရင်ပြင်တော်ကို ကျောက်ပြားအပြည့် ခင်း၍ မဟာရံတံတိုင်းကြီး (၇ ထပ်) ပြုလုပ် တည်ဆောက်လှူဒါန်း၏။ မဟာရံတံတိုင်းအတွင်း ထန်း၊ အုန်း၊ ပေ၊ ကံ့ကော်၊ သရက်၊ ပိန္နဲစသော သစ်သီးဝလံပင်များ စိုက်ပျိုး၏။ စောင်းတန်းလေးဘက်တွင် ကျောက်လှေကားပြုလုပ်၏။ နယ်မြေလေးရပ်နှင့် ကျွန် (၅၀၀)လှူ၏။ ဘုရင်မကြီး၏ ကောင်းမှုများကို ထိန်းသိမ်း စောင့်ရှောက်ရန် ရာထူးအလိုက် လူပေါင်း (၁၀၀၆)ဦး တာဝန်ပေးချထားခဲ့ရာ ဘုရင်မကြီးရှင်စောပု လက်ထက်မှာပင် စတင်၍ ဝန်ထမ်းများ ခန့်ထားခဲ့ခြင်း ဖြစ်ပေသည်။

ဓမ္မစေတီမင်း ကောင်းမှုတော်
သက္ကရာဇ် ၈၂၀နှစ်တွင် နန်းတက်သော ရှင်စောပုဘုရင်မကြီး၏ သမက်တော်ဓမ္မစေတီမင်းမှာလည်း ဘာသာရေး လေးစားသော ရဟန်းလူထွက်ဖြစ်၍ ဘုရင်မကြီးကိုယ်စား ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သမိုင်းဝင်ကောင်းမှုတော်များ ဆက်လက် ပြုလုပ်ခဲ့ရာ ကြေးပိဿာချိန် တစ်သောင်းကို ခေါင်းလောင်းပြုလုပ်လှူဒါန်းခဲ့၏။ ထိုဓမ္မစေတီခေါင်းလောင်းတော် မှာ အဝ (၈)တောင်၊ အကျယ် (၁၂)တောင် ရှိ၍ သက္ကရာဇ် ၉၆၅ မှ ၉၇၄ ခုနှစ်အတွင်း သံလျင်မြို့စား ကုလားငဇင်ကာ (ပေါ်တူဂီလူမျိုး) ယူဆောင်သွားရာ ဒေါပုံမြစ်ထဲတွင် နစ်မြုပ် ပျောက်ဆုံးရပါသည်။ ထို့ပြင် ဓမ္မစေတီမင်းကြီးသည် ရွှေတိဂုံစေတီတော် တည်ထားပုံသမိုင်းနှင့် ဗညားဦး စသော မင်းများ၏ ကောင်းမှုကို ‌ရေးထိုးထားသည့် မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ကျောက်စာတိုင်ကြီး (၃)ချပ်ကို ရင်ပြင်တော်၏ အောက်ပေ (၅၀)ခန့်နက်သောနေရာ အရှေ့ဘက်စောင်းတန်း၏ ဘေးတွင် စိုက်ထူလှူဒါန်း ခဲ့ပါသည်။ (ယခုအခါ ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေထောင့် အနောက်ဘက်တွင် ရှိပါသည်။) တဖန် ဓမ္မစေတီဘုရားနှင့် ကျား၊ ခြင်္သေ့ဘုရားများကို ခေါင်းလောင်းကြီးလှူသည့် နှစ် ၈၄၇ ခုနှစ်မှာပင် လှူဒါန်းခဲ့သည်ဟု သိရှိရပါ သည်။
ဆင်ဖြူရှင်မင်းကောင်းမှုတော်
သက္ကရာဇ် ၁၁၃၀ပြည့်နှစ်တွင် အလောင်းမင်းတရားကြီး၏ ဒုတိယသားတော် ကုန်းဘောင်ဆင်ဖြူရှင်မင်းလက်ထက်တွင် မြေငလျင် ပြင်းစွာလှုပ်၍ ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်မှောက်အထက်ပိုင်းမှ ပြိုကျပြီး အောက်ခြေပန်းတည်ခုံများပါ ပျက်စီးရပါသည်။ ထိုအခါ ဆင်ဖြူရှင်မင်းသည် ယခင်ပစ္စယာအဟောင်းပေါ်တွင် စတုရန်းသံတောင်ကိုးရာဖွင့်ပြီး ကောင်းမွန်အောင် ပြင်ဆင်၏။ စေတီတော်ပြိုပျက်ရာတွင် ရသည့် ရွှေဆင်းတု ၆၂၅ ဆူ၊ ငွေဆင်းတု ၇၇၄၆ ဆူ၊ ကုသိုလ်တော် ရွှေဆင်းတု၊ ငွေဆင်းတုများနှင့် ရွှေစေတီ၊ ငွေစေတီများတွင် သီရိရဓါတ်တော်မွေတော်များကို ပတ္တမြားကြုတ်နှင့် သွင်းပြီး ဌာပနာတော်မူ ၏။ စေတီတော်၏ သပိတ်မှောက်အထက် လည်သီးသုံးဆင့်မှစ၍ သံတောင် (၈၇)တောင် (၂)မိုက်ကို ပြန်လည်တည်ဆောက်ရာတွင် ကုသိုလ်တော် ရွှေအုတ်၊ ငွေအုတ်တို့ဖြင့် ကြေးတစ်သိန်း၊ သံတစ်သိန်း တို့နှင့်ကွပ်ကာ ကြေးမှို၊ သံမှိုစွဲ၍ ‌ကောင်းမွန်သည်ထက် ကောင်းမွန်အောင် သေချာခိုင်ခံ့စွာ တည်ဆောက်လှူဒါန်းတော်မူ၏။ ထို့နောက် ကိုယ်တော်လေးရွှေစင် (၄၇)ပိဿာ၊ (၃၅)ကျပ်သားကို မျက်ပါးခတ်၍ ဆတ်သွားဖူးမှ ဖိနပ်တော်အထိ ရွှေလုံးပြည့်ဆက်ကပ်တော်မူသည်။ တင်လှူရန် ထီးတော်ကို သံတစ်ထပ်၊ ကြေးတစ်ထပ်ပြုလုပ်၍ ကြေးမှို၊ သံမှိုစွဲ၍ ခိုင်ခံ့အောင်ပြုလုပ်၏။ ထီးတော်၏ ပထမဘုံမှာ အချင်းကိုးတောင် နှစ်မိုက်ရှိ၏။ ထီးတော်ဘုံ (၇)ဆင့်နှင့် ဆတ်သွားဖူး၊ စိန်ပျံ၊ ငှက်မြတ်နားတို့ကို စုစုပေါင်း ရွှေပိဿာ (၂၇၀)ကို ခပ်လုပ်မွမ်းမံစေပြီး နဝရတ်ကိုးပါး၊ ကျောက်လုံးရေ (၁၅၀၃၈)လုံးဖြင့် စီခြယ်၏။ ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ပဉ္စလောဟာ ဆည်းလည်းတို့ဖြင့် ထီးတော်ကို မွမ်းမံ၏။ သက္ကရာဇ် ၁၁၃၆ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စစ်အင်္ဂါလေးပါး စီစဉ်ခင်းကျင်း၍ ရွှေထီးအထွတ် တင်လှူတော်မူ၏။
စဉ့်ကူးမင်းကောင်းမှုတော်
သက္ကရာဇ် ၁၁၃၈ခုနှစ်တွင် ဆင်ဖြူရှင်မင်း၏ သားတော် စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီတော်ကို ရွှေမျက်ပါးသင်္ကန်း ကိုယ်လုံးတော် ပြည့်ကပ်လှူတော်မူ၏။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်လေးမျက်နှာ၊ မုခ်လေးမုခ်တွင်လည်း တန်ဆောင်း၊ ပလ္လင်တော်နှင့်တကွ အရှေ့ဘက်မုခ်တွင် ကကုသန်ဘုရား၊ တောင်ဘက်မုခ်တွင် ကောဏဂုံဘုရား၊ အနောက်ဘက်တွင် ကဿပဘုရား (မူလရုပ်ပွားတော်မှာ မီးခသွားသဖြင့် အသစ်ပြုလုပ် ပူဇော်ထားပါသည်။) မြောက်ဘက်မုခ်တွင် ဂေါတမဘုရားတို့၏ ရုပ်ပွားတော်များကို ပဉ္စလောဟာဖြင့် ဥဒါန်းကျူးဟန် သွန်းလုပ်လှူဒါန်းခဲ့ပါသည်။
သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်၊ တပို့တွဲလဆန်း (၁) ရက်နေ့တွင် “မဟာဃဏ္ဍ” ဘွဲ့အမည်တပ်ပြီး အချင်း (၅) တောင်၊ အရပ် (၇) တောင်၊ (၂) မိုက်၊ ကြေးပိဿာချိန်ပေါင်း (၁၅၅၅၅) တို့ဖြင့် ခေါင်းလောင်းတော်ကြီးကို စဉ့်ကူးမင်းကြီးမှ သွန်းလုပ်လှူဒါန်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော် ရာဟုထောင့်ရှိ ခေါင်းလောင်းရုံထဲတွင် ချိတ်ဆွဲထားရှိပါသည်။ ခေါင်းလောင်းတော်ကြီး၏ အသံမှာ လွန်စွာသာယာပြီး ယင်း၏ အတိတ်သမိုင်း ဖြစ်ရပ်များက စိတ်ဝင်စားဖွယ်ကောင်းလှ၏။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်တို့မှ အင်္ဂလန်နိုင်ငံသို့ပို့ရန် ခေါင်းလောင်းကြီးကို ရွှေတိဂုံကုန်းတော်ပေါ်မှ သယ်ယူကြပါသည်။ နယ်ချဲ့တို့ လှိုင်မြစ်အတွင်း စစ်သင်္ဘောပေါ်သို့ တင်ဆောင်စဉ် ခေါင်းလောင်းကြီးရေထဲကျသွားပါသည်။ နယ်ချဲ့တို့ ခေါင်းလောင်းကြီးအား ကြိုးစားဆယ်ယူသော်လည်း အောင်မြင်မှု မရခဲ့ပေ။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးသော် သံဃာတော်များ၏ မေတ္တာရပ်ခံချက်အရ ဗြိတိသျှအာဏာပိုင်များက ဆယ်ယူခွင့်ပြုခဲ့ရာ မြန်မာတို့၏ စည်းလုံးညီညွတ်မှု၊ ဗုဒ္ဓဘာသာအပေါ် အလေးအမြတ်ယုံကြည်မှုတို့ကြောင့် ခေါင်းလောင်းကြီးအား ဆယ်ယူရရှိခဲ့ပြီး မူလနေရာ ရွှေတိဂုံစေတီတော် ရာဟုထောင့် တွင် ပြန်လည်ချိတ်ဆွဲထားခဲ့ပါသည်။
သာယာဝတီမင်းကောင်းမှုတော်
အမရပူရ၊ ရွှေဘိုမြို့တော်ကို နှစ်ကြိမ်မြောက်ထူထောင်မင်းပြုသော သာယာဝတီမင်း (ရွှေဘိုမင်း)မိဖုရား၊ သားတော်၊ သမီးတော် များနှင့်တကွ စွန့်တော်မူပြီး ရွှေချိန် (၁၂)ပိဿာကို မျက်ပါးခပ်ပြီး ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းအပြည့်ကပ်တော်မူ၏။ တဖန် အရပ် သုံးတောင်တစ်မိုက် အနားလုံးပတ် တစ်ဆယ့်ငါးတောင်၊ ခါးစီးလုံးပတ် တစ်ဆယ့်သုံးတောင် တစ်မိုက်လေးသစ်၊ ကြေးစင်ပိဿာချိန် (၂၅၉၄၉) ပိဿာရှိ နရသီဟခြင်္သေ့လေးပါးစီပါသော ခေါင်းလောင်းတော်ကြီးကို ခုနှစ်ကြာပုံစံလှပအောင် ပြုလုပ်ပြီး သက္ကရာဇ် ၁၂၀၆ခုနှစ်၊ တပေါင်းလ တွင် ဟံသာဝတီမြို့ဝန် ကိုယ်တိုင်ကြပ်မတ်၍ ပွဲသဘင်ရုံခံကာ ရေစက်ချလှူဒါန်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော်ရင်ပြင်တော် အရှေ့မြောက် တနင်္ဂနွေထောင့်တွင် ပြာသာဒ်နှင့်တကွ ချိတ်ဆွဲထားပါသည်။ ထိုခေါင်းလောင်းကြီးမှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းများတွင် အကြီးဆုံးဖြစ်ပြီး‌ ခေါင်းလောင်းကြီးဘွဲ့တော်မှာ “မဟာတိသဒ္ဒဃဏ္ဍရာဇာ”ဟု အမည်တွင်၏။
ထို့ပြင် သာယာဝတီမင်းကြီးသည် သံသေဆည်းလည်းနှစ်လုံးကိုလည်းကောင်း၊ သာယာဝတီမင်း၏ မိဖုရား အနောက် နန်းမတော် မမြလေးမှအနောက်ဘက်စောင်းတန်းကြီးအား ပြင်ဆင်ဆောက်လုပ်ပြီး မြောက်ဘက်မုခ်၌လည်း စောင်းတန်းများ ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။
မင်းတုန်းမင်းကြီးကောင်းမှုတော်
သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် မင်းတုန်းမြို့စား ဘဝရှင်မင်းတရားကြီးသည် အမရပူရရွှေနန်းကို သိမ်းပိုက်၍ မန္တလေးမြို့သစ်ကို တည်ထောင် ပြီးစံတော်မူစဉ် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ရာ ရွှေတိဂုံတည်ရှိရာ သိင်္ဂုတ္တရကုန်းတော်မှာ အင်္ဂလိပ်အုပ်ချုပ်ရာ နယ်မြေအတွင်း ကျရောက်လျက်ရှိ၏။ သက္ကရာဇ် ၁၂၃၁ခုနှစ် ရောက်‌သောအခါ သက္ကရာဇ် ၁၁၃၆ခုနှစ်က ဆင်ဖြူရှင်မင်းတရားကြီး တင်လှူခဲ့သော ထီးတော်မှာ နှစ်ပေါင်း (၉၅)နှစ် ကျော်ပြီဖြစ်၍ ဟောင်းနွမ်းနေကြောင်း စစ်ကဲကြီး ဦးထော်လေး၊ ဦးထွန်းအောင် အမှူးရှိသော ရာမညတိုင်းသား ပြည်သူများက မင်းတုန်းမင်းကြီးအား လျှောက်ထားကြ၏။ မင်းကြီးလည်း ဝမ်းမြောက်စွာဖြင့် ထီးတော်ကို ပြုလုပ်စေရာ ပထမဘုံ ထီးဝ (၉)တောင် (၂)မိုက် (၄)သစ် အရပ် (၂)တောင် (၁)မိုက်မှစ၍ ပထမဘုံမှ သတ္တမဘုံအထိ ထီးတော်
အရပ် (၁၄)တောင် (၇)သစ်၊ ကလပ်၊ ဆပ်သွားဖူး၊ ငှက်မြတ်နား၊ စိန်ဖူးအထွတ်အထိ (၈)တောင် (၁)သစ် နှစ်ရပ်ပေါင်း ထီးတော်အမြင့် (၂၂)တောင် (၁)မိုက်ရှိသော ထီးတော်ကြီးကို ပြုလုပ်ပြီး ရွှေ၊ ငွေ၊ ရတနာ၊ ရွှေသားချိန် (၂၀၂၉၉)ကျပ် (၄)မူး၊ ကျောက်နီကြီး၊ ကျောက်နီလတ်၊ ကျောက်နီသေး၊ မြကြီး၊ မြလတ်၊ မြလေး၊ စိန်အကြီး၊ စိန်အလတ်၊ စိန်အသေး၊ ကြောင်၊ နီလာ၊ ပုလဲ၊ ဥဿဖယား၊ ဂေါ်မိတ်၊ သန္တာ၊ အလုံးရေပေါင်း (၃၆၄၁၁)လုံးတို့ဖြင့် စီခြယ်မွမ်းမံတော်မူ၏။
ထီးတော်သစ်ကြီးလုပ်ဆောင်ပြီး သက္ကရာဇ် ၁၂၃၃ခုနှစ်၊ နတ်တော်လဆန်း (၈)ရက်မှ (၁၅)ရက်တိုင်တိုင် မင်းတုန်း မင်းကြီးကိုယ်စား ပုပ္ပါးမြို့စားမင်းကြီး “မဟာမင်းကျော်မင်းထင်” ကြီးမှူး၍ သိင်္ဂုတ္တရကုန်းတော်တွင် စည်ကားစွာ ပွဲသဘင်ခင်းကျင်းလျက် မင်းတုန်းမင်းကြီး၏ ထီးတော်အသစ်ကို ခမ်းနားစွာတင်လှူတော်မူ၏။ စေတီတော်ကိုလည်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တော်မူ၏။
နယ်ချဲ့လက်အောက် အများပြည်သူကောင်းမှုတော်
သက္ကရာဇ် ၁၂၃၃ခုနှစ်တွင် မင်းတုန်းမင်း ကောင်းမှုတော်အနေဖြင့် ရွှေထီးတော်သစ်တင်လှူပြီးနောက် ၁၂၃၄ (ခရစ်နှစ် ၁၈၇၁)တွင် အင်္ဂလိပ်အစိုးရက ဂေါပကအဖွဲ့ဝင် (၅)ဦးရွေးချယ်ခန့်ထားခဲ့ပါသည်။ ဂေါပကလူကြီးများ ခန့်ထားစာနှင့်အတူ ဂေါပကအဖွဲ့ဝင် လူကြီးများအား လုပ်ပိုင်ခွင့်(၁၄)ရပ် ပြဋ္ဌာန်းပေးခဲ့ပါသည်။ လုပ်ပိုင်ခွင့်(သို့မဟုတ်)စည်းမျဉ်းစည်းကမ်း ပီပီပြင်ပြင် စတင်ပေါ်ပေါက် လာခဲ့ပါသည်။
၁၈၈၅ခုနှစ်တွင် ရွှေတိဂုံဂေါပကလူကြီးများ လိုက်နာဆောင်ရွက်ရန် စကင်းဥပဒေကို တရားမမှုစွဲဆိုပြီး ရီကော်ဒါမင်းကြီးက အမိန့်ချ အတည်ပြုခဲ့ပါသည်။
ထိုကာလတွင် တာဝန်ယူဆောင်ရွက်သော ဘဏ္ဍာ‌တော်ထိန်းလူကြီးများသည် ရွှေတိဂုံစေတီတော်အား အင်္ဂလိပ်စစ်တပ် တပ်စွဲထားခြင်း ကိုဖယ်ရှားပေးရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့ကြပါသည်။
အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုလက်အောက်တွင် ဘဏ္ဍာ‌တော်ထိန်း လူကြီးများသည် သတ်မှတ်ထားရှိသော စည်းမျဉ်းဘောင် အတွင်းမှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းအပါအဝင် သာသနိကအဆောက်အဦးများ ပြုပြင်မွမ်းမံတည် ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
‌ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူး‌တော်တွင် တစ်ပေပတ်လည်ရွှေပြားသင်္ကန်းတော်များ ကပ်လှူခြင်းကို ၁၂၆၀ခုနှစ်တွင် စတင် ခဲ့ပြီး ၁၂၆၆ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့သောကြောင့် ငှက်ပျောဖူး‌တော် ရွှေပြားဖွင့်ပွဲအခမ်းအနားကို အင်္ဂလိပ်အစိုးရအရာရှိ အကြီးအကဲနှင့် ဟံသာဝတီဂိုဏ်းအုပ် ဘုန်းတော်ကြီးတို့က ဦးဆောင်ကာ အမြောက်၊ သေနတ်များ ပစ်ဖောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
နိုင်ငံ‌တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကောင်းမှုတော်
နိုင်ငံတော်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်များကို စတင် လွှဲပြောင်းထမ်းဆောင်ပြီးနောက် ၁၉၈၉ ခုနှစ်မှ စတင်ကာ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း၌-သိင်္ဂုတ္တရဥယျာဉ်တော် တည်ဆောက်ခြင်း၊ မဟာဗုဒ္ဓဝင်ပြခန်း တည်ဆောက်ခြင်း၊ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တည်‌ဆောက်ခြင်းအစရှိသော စီမံကိန်းလုပ်ငန်းကြီး (၃)ရပ်တို့အား ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်ကာလ အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဝတ္တကမြေ အနောက်ဘက်မျက်နှာစာနှင့် တစ်ဆက်တည်းတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကြီးကိုလည်း နိုင်ငံတော်မှ ဦးစီးတည်ဆောက်ခဲ့ပေသည်။ ပြည်သူ့ရင်ပြင်၊ သိင်္ဂုတ္တရဥယျာဉ်နှင့် ရွှေတိဂုံစေတီတော်တို့အား ကူးသန်းသွားလာရေးတွင် အဓိကကျသော အနောက်ဘက်စောင်းတန်းကြီးသည် ရှည်လျား မတ်စောက် သောကြောင့် ဘုရားဖူးပြည်သူများ သက်သာလွယ်ကူစွာ တက်ဆင်းနိုင်စေရန် အ‌နောက်ဘက်စောင်းတန်း၌ စက်လှေကားများ တည်ဆောက်ခြင်းလုပ်ငန်းကြီးကိုပါ ဆောင်ရွက်ခဲ့ပါသည်။
ရွှေတိဂုံစေတီတော် ထာ၀ရဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး နာယကအဖွဲ့နှင့်ဦးစီးကော်မတီသည် (၂၅-၇-၁၉၉၅) ရက် နေ့တွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံ လျှောက်ထားသြဝါဒခံယူ၍ ‌ရွှေတိဂုံစေတီတော်၌ အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းကြီး(၃၆)ရပ်ကို လျာထားသတ်မှတ်ပြီး ပထဦးစွာ လုပ်ငန်းကြီး (၁၀)ရပ်ကို ဦးစားပေး စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ယင်းတို့မှာ-
( ၁ ) စေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းလုပ်ငန်း
( ၂ ) အရှေ့ဘက်စောင်းတန်းကြီး အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း
( ၃ ) တောင်ဘက်စောင်းတန်းကြီး အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း
( ၄ ) အရှေ့ဘက်ဓါတ်လှေကားနှစ်စင်း အသစ်တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း
( ၅ ) တောင်ဘက်ဓါတ်လှေကားနှစ်စင်း အသစ်တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း
( ၆ ) ရင်ပြင်တော်ကျောက်ပြားများ အသစ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း
( ၇ ) ဂြိုဟ်တိုင်နှင့်ဆီမီးတင်ခုံများ အသစ်မွမ်းမံပြုလုပ်ခြင်း လုပ်ငန်း
( ၈ ) အနောက်ဘက်စောင်းတန်းရှိ တိုင်လုံးများ မှန်စီရွှေချ မွမ်းမံခြင်းလုပ်ငန်း
( ၉ ) အနောက်ဘက်စောင်းတန်းတွင် နိုင်ငံခြားသားဧည့်သည်များ ခေတ္တနားနေဆောင်တည်ဆောက်ခြင်းလုပ်ငန်း
( ၁၀ ) သိင်္ဂုတ္တရဥယျာဉ်တော် ပြန်လည်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းတို့ဖြစ်ကြလေသည်။
၁၉၉၈ ခုနှစ်ကုန်ပိုင်းတွင် ဦးစားပေးလုပ်ငန်းကြီး (၁၀)ရပ်သာမက လုပ်ငန်းငယ်ပေါင်း များစွာကိုပါ ဆောင်ရွက်ပြီးစီးခဲ့ပါ သည်။ မူလလျာထားသော လုပ်ငန်း၌ မပါဝင်သော ‌မြောက်ဘက်စောင်းတန်း မွမ်းမံတည်ဆောက် ခြင်း၊ ‌မြောက်ဘက်ဓါတ်လှေကားမွမ်းမံ တည်ဆောက်ခြင်း၊ ‌မြောက်ဘက်ဂါလံ(၂၄၀၀၀)ဆံ့ ကွန်ကရစ်ရေစင်ကြီး၊ အနောက်ဘက်ခြင်္သေ့ရုပ်ထုကြီးများတည်ဆောက်ခြင်း၊ တောင် ဘက်အာရုံခံမုခ်ဦး တန်ဆောင်းမွမ်းမံခြင်း လုပ်ငန်းကြီးများကိုပါ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့်အတူ လုံးတော်ပြည့်‌ကြေးဘောင်၊ ကြေးပြား ကပ်လှူခြင်း၊ ရွှေပြားသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း၊ ရွှေမျက်ပါးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းစသော အလှူတော် လုပ်ငန်း‌ပေါင်း များစွာကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
သက်တမ်း ၁၂၈ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်သော မင်းတုန်းမင်းတရားကြီး၏ထီးတော်မှာ လေဒဏ်၊ မိုးဒဏ် အကြိမ်ကြိမ်ခံခဲ့ရ သဖြင့် ပျက်စီးယိုယွင်းမှုများရှိခဲ့ပြီး ကြံ့ခိုင်မှုစွမ်းရည် နည်းပါးလာသည်ကို လေ့လာသိရှိရသည့်အခါ ရွှေတိဂုံစေတီတော်ကြီးကို ထီးတော် အသစ် ပြုလုပ်ပူဇော်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။

ထီးတော်တင်ပွဲ
အသစ်တင်လိုမည့်ထီးတော်ကြီးကို ထာဝရတည်တံ့ခိုင်မြဲရန်အတွက် သက်ဆိုင်ရာအတတ်ပညာရှင်များ၊ အသိပညာရှင် များနှင့် ခေတ်မှီနည်းပညာများ ပေါင်းစပ်ကာသံချေးမတက်သည့် သံမဏိသံထည် (Stainless Steel) များဖြင့်ပြုလုပ်ထားသော ထီးတော် သစ်ကြီးကို အများပြည်သူတို့မှ ပါဝင်လှူဒါန်းသော အလှူငွေများ၊ ရတနာ၊ ရွှေ၊ ငွေအစရှိသည့် လှူဖွယ်ပစ္စည်းများနှင့် တင့်တယ်စွာ တန်ဆာဆင်လျက် ခန့်ညား ထည်ဝါစွာပြုလုပ်နိုင်ခဲ့ပါသည်။
ထို့ကြောင့်ပင် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ဦးစီးလျက် ပြည်သူတစ်ရပ်လုံး တစ်ခဲနက်ပါဝင်သော ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲကို ၁၉၉၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှ ဧပြီလ (၆)ရက်နေ့အထိ (၃)ရပ်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါသည်။