ပန်းထိမ်ပညာ

အသေးစိတ်အချက်အလက်များ

ပန်းထိမ်ပညာဆိုသည်မှာ အဖိုးတန်သော ရွှေ၊ ငွေ၊ သတ္တု စသည်တို့ဖြင့် လူတို့၏လက်ဝတ်ရတနာ အသုံးအဆောင်အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံတို့ဖြင့် တွဲဖက်၍ပြုလုပ်သော အတတ်ပညာ ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွတ်စိန်ဖူးတော်ကြီးနှင့် ငှက်မြတ်နားတော်တို့အား အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်ပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့်ပတ်လည်တွင် ရွှေဆည်းလည်းများ ချိတ်ဆွဲပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့် ကြေးဖရိန် ဘုံအဆင့်ဆင့်ကို အခေါက်ရွှေအားအပြားခတ်၍ ရွှေကွပ်ထားခြင်း၊ စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ထားခြင်းတို့သည် မြန်မာမှုပန်းထိမ် ပညာရပ်ဖြင့် ပူဇော်ထားရှိခြင်းဖြစ်ပါသည်။ ထို့အပြင်စေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်နှင့် ပန်းဆွဲနေရာများသည် ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့ပညာရပ်များဖြင့် ပူဇော်ထားသည်ကို တွေ့မြင်နိုင်ပါသည်။
ထို့အပြင် စေတီတော်ကြီး၏ ကြေးဝန်းတော် (၅)ခွေနှင့် ရှစ်မြှောင့်ပစ္စယာ ဧရိယာအချို့အား ခေတ်မီပန်းထိမ်နည်းပညာတစ်ရပ် ဖြစ်သော ‌ရွှေစင်ကို ဓာတုဗေဒနည်းဖြင့် အရည်ပျော်စေ၍ ကြေးပြားချပ်ပေါ်တွင် တွယ်ကပ်စေသောနည်းဖြင့်ရွှေစင်ပြား(Gold Coating)များကို ကပ်လှူပူဇော်ထားပါသည်။