စေတိယင်္ဂဏစာလျှောက်မေးပွဲဆိုင်ရာ

စေတိယင်္ဂဏစာလျှောက်စာမေးပွဲသမိုင်းအကျဉ်း

သာသနာတော်နှစ် ၂၄၃၈၊ ကောဇာသက္ကရာဇ် ၁၂၅၆ ခုနှစ် (ခရစ်နှစ် ၁၈၉၅ ခုနှစ်)တွင် စေတိယင်္ဂဏအသင်းကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်မြောက်ဘက် အောင်မြေအနီးရှိ ထီးတော်ရုံတန်ဆောင်း (ဒေါ်ဖွားတန်ဆောင်း)၌ စတင်တည်ထောင်ခဲ့ပါသည်။ အသင်းသူ၊ အသင်းသားများသည် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆွမ်းတော်ကပ်ခြင်းနှင့် ပုံမှန် ဝတ်ရွတ်ဆိုမှု ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
သက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် ထီးတော်ရုံတန်ဆောင်းကို ပြုပြင်မွမ်းမံ၍ “ဓမ္မာနုဂ္ဂဟကုသိုလ်တော်ပိဋကတ်တိုက်” အမည်ဖြင့် ဖွင့်လှစ်ကာ ပိဋကတ်စာပေများကို စုစည်းထားရှိ၍ ပရိယတ္တိစာပေလေ့လာသင်ကြားသည့် ရဟန်း၊ ရှင်၊ လူပြည်သူများကို ငှားရမ်း ခဲ့ပါသည်။
သက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် အစိုးရမှ ကျင်းပပြုလုပ်သော ပါဠိစာ‌မေးပွဲများတွင် ပထမကျော်တန်းအောင်မြင်သော သံဃာတော်များကိုပရိက္ခရာရှစ်ပါးနှင့်တကွ ပထမကျော် ရွှေတံဆိပ်ကို အသင်းသူ၊ အသင်းသားများ၏ စုပေါင်းလှူုဒါန်းငွေဖြင့် ပြုလုပ်ချီးမြှင့်လှူဒါန်း ခဲ့ပါသည်။
စေတိယင်္ဂဏစာလျှောက်မေးပွဲသည် တိပိဋက စာမေးပွဲကဲ့သို့ အာဂုံဖြေဆိုရန် ကျမ်းစာပေ မများသော်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် သဘောရေးဖြေနှင့် စပ်လျဉ်း၍ ပိဋကတ်စာပေ အားလုံးနီးပါးမျှ ကျွမ်းကျင်နှံ့စပ်မှသာ ဖြေဆိုနိုင်စွမ်းရှိမည့် စာမေးပွဲဖြစ်သည်။ စေတိယင်္ဂဏ စာလျှောက်စာမေးပွဲကို အသက်( ၂၀ မှ ၃၅ )နှစ်အတွင်း အစိုးရစာမေးပွဲ ပထမကြီးတန်းအဆင့် အနည်းဆုံး အရည်အချင်းရှိသည့် ရဟန်းတော်များသာ ဖြေဆိုနိုင်ပြီး သတ်မှတ်ကျမ်းစာများအား အာဂုံပြန်ဆိုခြင်းနှင့် သဘောရေးဖြေ ဖြေဆိုရသည့် သီးခြားစာသင်တန်းနှင့် သဘောရေးဖြေ တစ်မျိုးတည်းသာ ဖြေဆိုရသည့် သီးခြားစာချတန်းဟု (၂)မျိုးသတ်မှတ်ထားပြီး သီးခြား စာသင်တန်း အောင်မြင်လျှင် “အဘိဝံသ” အောင်လက်မှတ်၊ သီးခြားစာချတန်းအောင်မြင်ပါက “စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစက” ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်၊ အတန်း (၂)မျိုးလုံးကို နှစ်မခြားဘဲ ဆက်တိုက်အောင်မြင်ပါက “ဝဋံသကာ” ရွှေတံဆိပ် ဆက်ကပ်လှူဒါန်း ပါသည်။ နှစ်ချင်းပေါက်အောင်မြင်ပြီး ဝဋံသကာ ရွှေတံဆိပ်ရရန်မှာ အလွန်ပင်ခဲယဉ်းလှရာ စာမေးပွဲစတင်ခဲ့သည်မှ ယခုအထိ (၁၀၈)နှစ်အတွင်း (၁၁)ပါးမျှသာ ပေါ်ထွန်းခဲ့ပါသည်။
သက္ကရာဇ် ၁၂၈၀ ခုနှစ်၊ ပထမအကြိမ်မှသည် သက္ကရာဇ် ၁၃၄၅ ခုနှစ် (၆၆)ကြိမ်မြောက် အထိ စာလျှောက်မေးပွဲနှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပခြင်း၊ လစဉ် နိဗဒ္ဓဆွမ်းဆန်တော် လောင်းလှူခြင်း အဓိကလုပ်ငန်း(၃)ရပ်တို့ကို စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းကြီးမှ တာဝန်ယူကျင်းပပြုလုပ်ခဲ့ပါသည်။
သက္ကရာဇ် ၁၃၄၆ ခုနှစ်၊ (၆၇)ကြိမ်မြောက် စာလျှောက်မေးပွဲမှသည် ယခု (၁၀၈)ကြိမ် မြောက်အထိ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က စေတိယင်္ဂဏကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စေတီယင်္ဂဏဩဝါဒါစရိယ ဆရာတော်များထံမှ ဩဝါဒခံယူကာ အဓိကလုပ်ငန်း(၃)ရပ်တို့ကို တာဝန်ယူဆောင်ရွက်ခဲ့ပါ သည်။
သက္ကရာဇ် ၁၃၅၄ ခုနှစ်တွင် (၇၅)ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် ၊ ၁၃၆၄ ခုနှစ်တွင် (၈၅)ကြိမ်မြောက် ပတ္တမြားရတုအထိမ်းအမှတ် စာအောင်ဆုနှင်းသဘင်အခမ်းအနားများတွင် “ဝဋံသကာ” ဘွဲ့ရ ဆရာတော် ‌(၁၁)ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်တကွ ရွှေတံဆိပ် ဆက်ကပ်ချီးမြှင့် ဂုဏ်ပြုပူဇော်ခဲ့ပါသည်။ 
သက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ဦးစီး၍ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် (၃)ညတိုင် ဓမ္မသဘင်ပူဇော်ပွဲကျင်းပခြင်း၊ ကြေးခေါင်းလောင်း‌တော်ကြီး သွန်းလုပ်လှူဒါန်းခြင်း၊ ပညာရှင်(၄)ဦးတို့မှ စာတမ်းများဖတ်ကြားခြင်း၊ ဆရာတော်ကြီး (၄)ပါး တို့အား “စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု” ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ စေတီယင်္ဂဏဘွဲ့ရသံဃာတော် (၂၉၃)ပါးတို့ကို ပင့်ဆောင်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲပြုလုပ်ခြင်း၊ စေတီတော်ရင်ပြင်ပတ်လည်တွင် ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အလားတူပင် သက္ကရာဇ် ၁၃၈၈ ခု၊ ယခုနှစ်တွင် စေတိယင်္ဂဏ ရာပြည့်အလွန် အထိမ်းအမှတ်အဖြစ် (၃)ညတိုင် ဓမ္မသဘင်ပူဇော်ပွဲ ကျင်းပခြင်း၊ ရဟန်းတော် (၃)ပါးနှင့် လူပုဂ္ဂိုလ်ပညာရှင်(၂)ဉီးတို့မှ စာတမ်းများဖတ်ကြားခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သက်ရှိထင်ရှား စေတိယင်္ဂဏဘွဲ့ရ သံဃာတော်များကို ပင့်ဆောင်ပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးကို ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ စေတိယင်္ဂဏ ဝဋံသကာနှင့် အဘိဝံသဂုဏဝိသိဋ္ဌ (ထပ်ဆင့်)ဂုဏ်ပြုပူဇော်ပွဲကျင်းပခြင်း၊ စေတီတော်ရင်ပြင် ပတ်လည်တွင် ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ပထမအကြိမ် စာလျှောက်မေးပွဲမှ (၁၀၇)ကြိမ်မြောက်စာလျှောက်မေးပွဲအထိ ပေါ်ထွန်း ခဲ့သော သာသနာ့အာဇာနည်များမှာ – 
ဝဋံသကာဘွဲ့ရ      ၁၁ ပါး
သီးခြားစာချတန်းအောင်(စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစကဘွဲ့ရ)   ၃၉၀ ပါး
သီးခြားစာသင်တန်းအောင်(အဘိဝံသဘွဲ့ရ)       ၉၅၄ ပါး
ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓသာသနာ၏ အရင်းမူလ အသက်ဖြစ်သော ပရိယတ္တိဆိုင်ရာ စာမေးပွဲများအနက် ထင်ရှားကျော်ကြားသည့် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီး၏ ရာပြည့်အလွန် စေတိယင်္ဂဏ ဝဋံသကာနှင့် အဘိဝံသဂုဏဝိသိဋ္ဌ (ထပ်ဆင့်)ဂုဏ်ပြုပူဇော်ပွဲကြီးမှသည် နောင်နှစ်ပေါင်းများစွာ တည်တံ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြု ဖော်ပြအပ်ပါသည်။ 
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
“စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု” ဘွဲ့ရ ဆရာတော်ကြီး(၄)ပါး

စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ် (၁၀၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ်“စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု” ဘွဲ့ရ ဆရာတော်ကြီး(၄)ပါး

“စေတိယင်္ဂဏ ဝဋံသကာ” ဘွဲ့ရ ဆရာတော်ကြီး(၁၁)ပါး

စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ နှစ် ၁၀၆ ( ၁၂၈၀ မှ ၁၃၈၆ )အတွင်း ဝဋံသကာဘွဲ့တံဆိပ်တော် ခံယူခဲ့သော သံဃာတော်အရှင်သူမြတ် (၁၁)ပါး
စေတိယင်္ဂဏဩဝါဒါစရိယဆရာတော်ကြီးများ
စေတိယင်္ဂဏစာအောင်ဆုနှင်းသဘင်အခမ်းအနား (၁၉၉၃ ခုနှစ် မှ ၂၀၂၅ ခုနှစ်ထိ)
[dflip id="249855" type="thumb"][/dflip]

(၇၅)ကြိမ်မြောက်
၁၉၉၃ ခုနှစ်
ဖေဖော်ဝါရီလ ၇ ရက်

[dflip id="249872" type="thumb"][/dflip]
(၇၇)ကြိမ်မြောက်
၁၉၉၅ ခုနှစ်
ဖေဖော်ဝါရီလ ၁၁ ရက်
[dflip id="249889" type="thumb"][/dflip]
(၇၈)ကြိမ်မြောက်
၁၉၉၆ ခုနှစ်
ဖေဖော်ဝါရီလ ၄ ရက်
[dflip id="249912" type="thumb"][/dflip]
(၈၂)ကြိမ်မြောက်
၂၀၀၀ ခုနှစ်
ဖေဖော်ဝါရီလ ၂၀ ရက်
[dflip id="249929" type="thumb"][/dflip]
(၈၃)ကြိမ်မြောက်
၂၀၀၁ ခုနှစ်
ဖေဖော်ဝါရီလ ၁၈ ရက်
[dflip id="249956" type="thumb"][/dflip]
(၈၄)ကြိမ်မြောက်
၂၀၀၂ ခုနှစ်
ဖေဖော်ဝါရီလ ၂၄ ရက်

ဖြေဆိုခွင့်လျှောက်လွှာ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော စေတိယင်္ဂဏစာလျှောက်မေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို အောက်ပါ link တွင် download ဆွဲ၍ ဖြည့်စွက်ပြီး လာရောက်ပေးပို့နိုင်ပါသည်။