ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

Янв 19, 2025 | 12 month seasonal festival, News

၂၀၂၅ ဇန်နဝါရီလ ၁၉ ရက်

ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော် (၁၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင် ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ စာအောင်သံဃာတော် အရှင်သူမြတ်(၁၃)ပါးတို့အား ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဆွေတော် မျိုးတော်များက စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏစာအောင်ဆုနှင်းသဘင် အခမ်းအနားကို ရင်ပြင်တော်မြောက်ဘက်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုပူဇော်ကြသည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံ ထံမှ ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည် ကြသည်။

ထို့နောက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာဆောင်ရွက်မှုများ လျှောက်ထားတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က နဝကမ္မနှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်အရှင်သူမြတ်(၅)ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော် အရှင်သူမြတ်(၈)ပါးတို့အား အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရာတွင် ဘွဲ့တံဆိပ်တော်များအား နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော်ကြီးထံသို့ ဦးစွာဆက်ကပ်၍ အသိအမှတ်ပြုမှုကို ခံယူတော်မူပြီး သီးခြားစာချ တန်းအောင် အောင်စဉ်(၁)သံဃာတော်အား တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ အောင်စဉ်(၂)သံဃာတော်အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက စာအောင်သံဃာတော်များအား အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက‌ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ စေတိယင်္ဂဏနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇေတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှ ပေးဝေခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင်
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟအသင်းကြီး ၁၈၉၄ ခုနှစ်တွင် စတင်တည်‌ထောင်၍ သီးခြားစာသင်တန်း၊ စာချတန်း စာမေးပွဲများကို (၁၉၁၈)ခုနှစ်တွင် စတင်ကျင်းပခဲ့ချိန်မှ ယခု (၁၀၆)ကြိမ်မြောက် အထိ သီးခြားစာချတန်းအောင်(၃၈၂)ပါး၊ သီးခြားစာသင်တန်းအောင်(၉၃၉)ပါး
စုစုပေါင်းသာသနာ့အာဇာနည်အရှင်သူမြတ်ပေါင်း (၁၃၂၁)ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ပြီးဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

читать далее
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

читать далее
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

читать далее