ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

Янв 10, 2025 | 12 month seasonal festival, News

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်သန်လျက် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သာသနာတော်(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန့်ကားပြန့်ပွားစေရန်ရည်ရွယ်၍ စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခု ၂၀၂၄ ခုနှစ်တွင် (၁၀၆)ကြိမ်မြောက်အထိ ရောက်ရှိကျင်းပနိုင်ခဲ့ပြီဖြစ်သည်။

(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ ကြွရောက်တော်မူကြသည်။

ရှေးဦးစွာ «နမောတဿ»သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် စေတိယင်္ဂဏစာလျှောက်မေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝင် ဦး‌ဌေးလှိုင် က အဖွင့်မင်္ဂလာစကားလျှောက်ထားခဲ့ပြီး စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲသြဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲနှင့်စပ်လျဉ်း၍ သြဝါဒကထာနာယူကြသည်။ ယင်းနောက် «ဗုဒ္ဓသာသနံ စိရံ တိဌတု» သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီးနောက် စာဖြေသံဃာတော်များအား အမှတ်စဉ်အလိုက် စာဖြေပလ္လင်ပေါ်သို့ပင့်ဆောင်၍ အာဂုံပြန်ဆိုခြင်းအစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲကို (၆၇) ကြိမ်မြောက်မှစတင်ကာ ယနေ့တိုင်ကျင်းပ၍ သာသနာ့အာဇာနည်အရှင်သူမြတ်များအား ပူဇော်ချီးမြှောက်လျက်ရှိရာ ယခင်နှစ်(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးတွင် သီးခြားစာချတန်းတွင်(၄)ပါး၊ သီးခြားစာသင်တန်းတွင်(၈)ပါးတို့ ဖြေဆိုအောင်မြင်တော်မူခဲ့ကြပြီး စာအောင်သံဃာဝောာ်များကိုလည်း စာအောင်ဆုနှင်းသဘင်ပွဲကြီးကျင်းပ၍ ဂုဏ်ပြုချီးကျူးပူဇော်ပေးလျက်ရှိသည်။

ယနေ့ကျင်းပသည့် (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏစာ‌လျှောက်မေးပွဲတွင် သီးခြားစာချတန်း ၄၁ ပါး၊ သီးခြားစာသင်တန်း ၂၀၁ ပါး၊ စာဖြေသံဃာစုစုပေါင်း ၂၄၂ ပါးတို့မှ ဒီဇင်ဘာ ၆ ရက်ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ယနေ့တွင် သီးခြားစာသင်တန်းဖြေသံဃာတော် (၂၀၁)ပါးတို့က အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ယင်းအာဂုံပြန်အောင်စာရင်းအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ထို့အတူ ဒီဇင်ဘာလ ၂ ရက်မှ ၆ ရက်ထိ သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်း သ‌ဘောရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် အောင်စာရင်း ထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။ ထို့အပြင် ယနေ့အခမ်းအနားသို့ကြွရောက်တော်မူကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များနှင့် စာဖြေသံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၊ ထီးတော်ရုံတန်ဆောင်းတို့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး စာလျှောက်မေးပွဲကာလတွင်လည်း နေ့စဉ် နေ့ဆွမ်းကပ်လှူဒါန်းသွားမည်ဖြစ်ပြီး လာရောက်ကြည်ညိုသဒ္ဓါပွား လှူဒါန်းနိုင်ပါရန် ဖော်ပြအပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘ‌ဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

читать далее
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

читать далее
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

читать далее