ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

ก.ย. 10, 2024 | 12 month seasonal festival, News

 

၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက်

ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ၁၃၈၆ခု ဝါခေါင်လပြည့်နေ့ နံနက် ၀၅၀၀ နာရီတွင် ကျင်းပခဲ့ရာ ပထမဦးစွာ တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီး အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြပြီး နံနက် ၀၆၀၀နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ၂၄နာရီ အသံမစဲ မေတ္တာပို့သပွဲ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

ယင်းနောက် နံနက် ၀၇၀၀ နာရီတွင် ပန်းပေါင်း ၈၄၀၀၀ ပူဇော်ထားသော ပန်းစေတီငါးဆူကို အာရုံခံမုခ်ဦးရှိ ဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်တို့အား လှည့်လည် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးဘိုးသင်းတို့မှ အထက်ပစ္စယံပတ္တမြားမျက်ရှင်ရုပ်ပွားတော်စေတီတော်မြတ်ကြီးအား ပန်းစေတီတစ်ဆူကို ကပ်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်များက အာရုံခံမုခ်ဦး လေးခုရှိ ကကုသန္ဓမြတ်စွာဘုရား ၊ ကောဏဂမနမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား တို့အား ပန်းစေတီများ အသီးသီးကပ်လှူပူဇော်ခဲ့ကြပါသည်။

ထို့နောက် နံနက် ၀၉၃၀နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ ‌ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့များ၊ ဘုရားဖူးလာအများပြည်သူ အလှူရှင်များက ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးနှင့် သံ‌ဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ဥပုသ်သီတင်းသီလစောင့်သုံးကြသော ယောဂီသူတော်စင်အပေါင်းတို့အား နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

อ่านเพิ่มเติม
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

อ่านเพิ่มเติม
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

อ่านเพิ่มเติม