အထွေထွေ

ဩဝါဒါစရိယဆရာတော်ကြီးများ

ဂေါပကအဖွဲ့ဝင်များ

ဂေါပကအဖွဲ့ရုံးဌာန(၁၀)ခု

စဉ် ဌာနအမည် အင်အား ဖွဲ့စည်းပုံခန့်ပြီးအင်အား ယာယီနေ့စား လုပ်သား
အမြဲတမ်း ပုံသေ ရုံးနေ့စား
အုပ်ချုပ်ရေးဌာန ၂၀၇ ဦး ၁၂၁ ဦး ၂ ဦး ၂၀၆ ဦး
ပြတိုက်/ပြခန်းဌာန ၁၁၃ ဦး ၇၅ ဦး ၄ ဦး
လုပ်ငန်းမြို့ပြဌာန ၁၈၆ ဦး ၆၅ ဦး ၂ ဦး ၂ ဦး

 

ဌာနအလိုက်လုပ်ငန်းတာဝန်များ

လုပ်ငန်းမြို့ပြဌာန

ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများ၊ မြန်မာမူ လက်ရာများ၊ အဆောက်အဦ၊ လမ်း၊ တံတား၊ ရေမြောင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ ပွဲတော်အခမ်းအနားများတွင် ပြင်ဆင်ပေးခြင်း။

လျှပ်စစ်နှင့်ရေသန့်ဌာန

လျှပ်စစ်နှင့်ရေရရှိရေး၊ ဖြန့်ခွဲသုံးစွဲရေး၊ သန့်စင်ခန်းများ ထိန်းသိမ်း ရေးလုပ်ငန်းများ၊ ဓါတ်လှေကား၊ စက်လှေကား၊ ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားခ၊ ရေခွန် ရေခများ ကောက်ခံပေးချေခြင်း၊ ဘာသာရေးပွဲတော် အခမ်းအနားများ၊ အစည်းအဝေးများတွင် လိုအပ် သော ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်း။

ဘဏ္ဍာရေးဌာန

အလှူငွေနှင့် စီမံခန့်ခွဲမှုငွေများ ကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ ဘဏ်သို့အပ်နှံခြင်း၊ ထုတ်ပေးခြင်း၊ နိုင်ငံခြားဧည့်ဝင်ကြေးကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ငွေသုံးစွဲမှုစစ်ဆေးခြင်းလုပ်ငန်းများ။

ပြတိုက်/ပြခန်းဌာန

ရွှေတိဂုံစေတီတော်ပြတိုက်၊ ပိဋကတ်တိုက်၊ မဟာဗုဒ္ဓဝင်ပြခန်း၊ ဓါတ်ပုံပြခန်းတို့တွင် ဘုရားဖူးများ၊ လေ့လာကြည့်ရှုနိုင်ရန် စီမံပေးခြင်း၊ ထိန်းသိမ်းခြင်း၊ အလှူခံဌာနဖွင့်လှစ်ခြင်း။

အုပ်ချုပ်ရေးဌာန

ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကန်ထရိုက်လုပ်ငန်းများထိန်းသိမ်းခြင်း၊ အခွန်အခကောက်ခံခြင်း၊ ဓါတ်လှေ ကားမောင်းနှင် ထိန်းသိမ်းခြင်း၊ မော်တော်ယာဉ်၊ ဆေးပေးခန်း၊ ဘာသာရေး အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ။

ဗဟိုသိုလှောင်ရေးဌာန

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တွင်သုံးစွဲရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ ဖျက်သိမ်း ပစ္စည်း၊ ပိုလျှံပစ္စည်းများ ထိန်းသိမ်းခြင်း၊ ထုခွဲရောင်းချနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းများနှင့် စေတိယင်္ဂဏစာလျှောက်မေးပွဲ ကျင်းပခြင်း။

ရွှေနှင့်ရတနာဌာန

ရွှေပြား၊ ရွှေမျက်ပါးသင်္ကန်းတော်များကပ်လှူခြင်း၊ ရွှေနှင့်ကျောက် မျက်ရတနာများ လက်ခံထိန်းသိမ်းကပ်လှူခြင်း၊ ရွှေချလုပ်ငန်းနှင့် ဆက်စပ်သော မှန်စီရွှေချလုပ်ငန်း၊ ရွှေဇဝါယွန်းနှင့် သရိုးကြိုးခင်း လုပ်ငန်းများ။

ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာန

ဩဝါဒါစရိယဆရာတော်များကိစ္စ၊ ဂေါပကအဖွဲ့ဝင် လူကြီးများကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စ၊ ပွဲတော်များကျင်းပရေး၊ ဧည့်သည်တော်ကြိုဆိုရေး၊ မော်ကွန်းမှတ်တမ်းဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း၊ သတင်းထုတ်ပြန် ခြင်း။

ဝတ္ထုကံမြေသာယာရေးဌာန

သိင်္ဂုတ္တရကုန်းတော် တစ်ခုလုံးရှိ သစ်ပင်ကြီးများ၊ အရိပ်ရပင်၊ ပန်းအလှပင်များ၊ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဥယျာဉ်ပန်းခြံ မြက်ခင်းများ တည်ဆောက်စိုက်ပျိုး ထိန်းသိမ်းခြင်း လုပ်ငန်း။

လုံခြုံရေးနှင့်မီးသတ်ဌာန

ဗုဒ္ဓသန္တက ပစ္စည်းများ၊ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးလုပ်ငန်း များ (၂၄)နာရီပတ်လုံး တာဝန်ယူဆောင်ရွက်ခြင်း၊ ဘုရားဖူးများ လုံခြုံရေး၊ နိုင်ငံတော်ဧည့်သည်တော်များ လုံခြုံရေးနှင့် ဂေါပကအဖွဲ့က ချမှတ် ထားသော စည်းကမ်းများကို သက်ဆိုင်သူများက လိုက်နာဆောင်ရွက် စေရန် စည်းကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ။

သာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှု

ရွှေတိဂုံစေတီတော်နှင့် သာသနိကအဆောက်အဦများထိန်းသိမ်းစောင့်ရှောက်မှု

ရွှေတိဂုံစေတီတော်ကြီး၏ အထွေထွေအရပ်ရပ်သော ဝေယျာဝစ္စဆောင်ရွက်ရန်ကိစ္စများမှာ ကြီးကျယ်များပြားရုံသာမက တန်ဘိုးငွေပမာဏလည်း အလွန်ကြီးမားလှပါသည်။ ထိုများပြားလှသော ဘဏ္ဍာတော်ငွေများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုက်ရိုက် ခန့်အပ်တာဝန်ပေး ဖွဲ့စည်းထားပါသည်။
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ စီမံထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ငန်းဌာနကြီး (၁၀) ခု ဖွဲ့စည်းလျက် ဂေါပကအဖွဲ့ဝင်(၁)ဦးချင်းမှ လုပ်ငန်းအလိုက်ခွဲဝေ တာဝန်ယူဆောင်ရွက်ပါသည်။ ဌာနအလိုက် ဝန်ထမ်းများကိုလည်း စနစ်တကျ ဖွဲ့စည်းခြင်း၊ တာဝန်နှင့်ဝတ္တရားများ သတ်မှတ်ပေးထားခြင်း၊ လုံလောက်သော ဝန်ထမ်းများကို ဂေါပကအဖွဲ့ရုံး ဖွဲ့စည်းပုံဇယားများရေးဆွဲ၍ စနစ်တကျဖွဲ့စည်း ဆောင်ရွက်ထားပါသည်။ အကြမ်းအားဖြင့် အရာရှိ၊ အခြားအဆင့်၊ အမြဲတမ်းဝန်ထမ်း၊ နေ့စားဝန်ထမ်း စုစုပေါင်း(၁၃၀၀)ကျော် ခန့်ထား ဆောင်ရွက်လျက်ရှိပါသည်။
ဂေါပကအဖွဲ့၏ ဘုရားစေတီပုထိုး၊ သာသနိကအဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို အနီးကပ် ဩဝါဒပေးနိုင်ရန်အတွက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့ကို အဖွဲ့ဝင်ဆရာတော် (၁၁)ပါးကိုရွေးချယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတည်ပြုပေးထားပါသည်။ ရွှေတိဂုံစေတီတော်ြမတ်ကြီးနှင့် သာသနိက အဆောက်အအုံ များအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အောက်ပါအတိုင်း စီမံထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည် –
( ၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများဖွဲ့စည်း၍ လမ်းညွှန်မှုပေးခြင်း
( ၂ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်း ဌာနအလိုက် တာဝန်ခွဲဝေဆောင်ရွက်ခြင်း
( ၃ ) ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများဖြင့် သာသနာတော်ထိန်းသိမ်း စောင့်ရှောက်မှုအတွက် လုပ်ငန်းများဆောင်ရွက်ခြင်း

ဘဏ္ဍာငွေထိန်းသိမ်းစောင့်ရှောက်မှု
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် ဘုရားဖူးပြည်သူများ လွယ်လင့်တကူ လှူဒါန်းနိုင်ရန် ရင်ပြင်တော်ပေါ်၌ အကြောင်းအရာအမျိုးမျိုးဖြင့် အလှူခံပုံးများ ချထားပေးပါသည်။ အလှူခံဌာနများ ဖွင့်လှစ် ပေးထားပါသည်။ အလှူခံပုံးများကို စောင့်ရှောက်ရေးသံဃာတော်များ၊ တာဝန်မှူးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညစဉ်သိမ်းဆည်းပြီး နောက်တစ်နေ့တွင် ငွေရေတွက်ရန် သတ်မှတ်ထားသည့် လုံခြုံရေးအခန်း၌ ရေတွက်ပြီး ပြေစာဖြင့် ဘဏ္ဍာရေးဌာနသို့ အပ်နှံရပါသည်။ ဘဏ္ဍာရေးဌာနသည် တစ်နေ့အတွက် ရရှိသော အလှူတော်ငွေများအား နောက်တစ်နေ့တွင် နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော ဘဏ်များသို့ အပ်နှံရပါသည်။

ရွှေတိဂုံစေတီတော်ကြီးတွင် အများပြည်သူလှူဒါန်းသော အလှူတော်ငွေနှင့် ဂေါပကအဖွဲ့က ဘုရားဖူးများ အဆင်ပြေစေရန် စီမံခန့်ခွဲသော လုပ်ငန်းများမှရရှိသော စီမံခန့်ခွဲမှုဆိုင်ရာရငွေဟူ၍ ရငွေနှစ်မျိုးနှစ်စားရှိပါသည်။ ရွှေသင်္ကန်းတော်ကပ်လှူခြင်း၊ သာသနိကအဆောက်အဦးများ ပြုပြင် ထိန်းသိမ်းခြင်း၊ လျှပ်စစ်မီးပူဇော်ခြင်း၊ ရေလှူဒါန်းခြင်းစသည်များကို အလှူတော်ငွေမှ ကျခံသုံးစွဲပြီး ဝန်ထမ်းများအား လစာစရိတ်ချီးမြှင့်ခြင်း၊ ဧည့်ခံ ကျွေးမွေးခြင်း စသည်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာရငွေများမှ ကျခံသုံးစွဲရပါသည်။ ဝင်ငွေမှန်သမျှအား ပြေစာဖြင့်လက်ခံပြီး ထွက်ငွေမှန်သမျှအား ချက်ဖြင့် ထုတ်ပေးကာ ရငွေသုံးငွေများကို ထိန်းချုပ်သုံးစွဲရပါသည်။

နှစ်စဉ်ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ ကာလကို ဘဏ္ဍာရေးနှစ်အဖြစ် သတ်မှတ်ပြီး လာမည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် သင့်သော လုပ်ငန်းများကိုစုစည်းကာ လုပ်ငန်းစီမံချက် ရေးစွဲရပါသည်။ လုပ်ငန်းစီမံချက်ကိုအခြေခံ၍ နိုင်ငံတော်အစိုးရဌာနများကဲ့သို့ ဘတ်ဂျက် (သို့မဟုတ်) ရငွေသုံးငွေခန့်မှန်းခြေစာရင်း ရေးဆွဲ အတည်ပြုကာ ဘဏ္ဍာတော်ငွေများကို ထိန်းချုပ်သုံးစွဲရပါသည်။

စီမံ၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်မှုများ
နှစ်(၂၆၀၀)ပြည့်မြောက်ကာလတွင် ရွှေတိဂုံစေတီတော်၏ အထွေထွေအရပ်ရပ်သော ဝေယျာဝစ္စလုပ်ငန်းများသည် ကြီးကျယ်များပြားသည် သာမက တန်ဘိုးငွေပမာဏကြီးမားလှသောကြောင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် စနစ်တကျ စီမံထိန်းသိမ်းစောင့်ရှောက်ရန် ဂေါပကအဖွဲ့က ဦးဆောင်ပြီး ဂေါပကအဖွဲ့တွင် ဌာနကြီး (၁၀) ခု ဖွဲ့စည်းလျက် တာဝန်ခွဲဝေဆောင်ရွက်ပါသည်။ ဌာနကြီးတစ်ခုစီတွင် ဂေါပကအဖွဲ့ဝင်လူကြီးတစ်ဦးက ဦးဆောင်ကာ သတ်မှတ်ဖွဲ့စည်းထားသော ဝန်ထမ်းများက ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရွက်ပါသည်။
ဗုဒ္ဓသာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှု
စေတိယင်္ဂဏစာလျှောက်မေးပွဲကျင်းပခြင်း
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်ခန့်စေရန် ထိန်းသိမ်းစောင့်ရှောက်ရုံမျှသာမက ဗုဒ္ဓမြတ်စွာသာသနာတော် တည်တံ့စည်ပင်ပြန့်ပွားရေးလုပ်ငန်းများကိုလည်း တက်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကားရေးအတွက် သာသနာ့အာဇာနည် ပုဂ္ဂိုလ်အကျော်အမော်များ ပေါ်ပေါက်လာစေရန် ကြုံခဲလှစွာသော အခွင့်အရေးတရပ် အနေဖြင့် (၁၉၈၄)ခုနှစ်တွင်‌ ရွှေတိဂုံစေတီတော်ဘဏ္ဍာ‌တော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက် ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ယခုအခါ (၁၀၅) ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ယင်းကာလအတွင်း သာသနာတော်အဓွန့်ရှည်ရေးအတွက် နှစ်စဉ်မပျက်စာလျှောက်မေးပွဲကျင်းပခြင်း၊ စာအောင်ဆုနှင်းသဘင် ဆင်ယင် ကျင်းပပူဇော်ခြင်းနှင့် လစဉ်နိဗဒ္ဓဆွမ်းဆန်တော်များ လောင်းလှူခြင်းစသည့် သာသနာရေးဆိုင်ရာများကို သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့၏ လှူဒါန်းငွေများဖြင့် နှစ်စဉ်မပြတ် ကုသိုလ်အထပ်ထပ်ဖြင့် သာသနာ့အသက်သွေးကြော ဆက်လက်ရှင်သန်နေစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။
ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲစေရန် အဇာတသတ်မင်း၏ ပစ္စယာနုဂ္ဂဟဖြင့် အရှင်မဟာကဿပမထေရ် အကြီးအမှူးပြုသည့် ရဟန္တာ (၅၀၀) တို့က ပထမသင်္ဂါယနာတင်တော်မူခဲ့သည်မှ အစပြု၍ သာသနာ့ဝန်ဆောင် သံဃာတော်များက စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြ၍သာလျှင် ယခုအချိန်အထိ သာသနာတော် စည်ပင်ထွန်းကားပြန့်ပွားလျက်ရှိနေသည်ဟု မှတ်သားရပါသည်။
ပရိယတ္တိအကျော်အ‌မော်များ ထွက်ပေါ်စေရေးအတွက် ဤကဲ့သို့ အဆင့်အတန်းမြင့်မားပြီး စည်းကမ်း ပြည့်ဝသည့် စာလျှောက်မေးပွဲကြီးများ ကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်၏ အားပေးချီးမြှောက်မှု၊ ဆရာတော်၊ သံဃာတော်များ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု အစုစုအပြင် စာဖြေသံဃာတော်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယနှင့် အများပြည်သူအပေါင်းတို့၏ ပစ္စယာနုဂ္ဂဟ အထောက်အပံ့များကြောင့်ပင်ဖြစ်ပါသည်။
သို့ဖြစ်၍ စေတိယင်္ဂဏ စာမေးပွဲစတင်သည်မှ ၁၀၄ ကြိမ်အထိ သီးခြားစာသင်တန်းအောင် “အဘိဝံသဘွဲ့ရသံဃာ” ၉၂၃ ပါး၊ သီးခြားစာချတန်း အောင် “ဝဋံသကာ” ၁၁ ပါး အပါအဝင် “ဂဏဝါစကဘွဲ့ရသံဃာ” ၃၇၃ ပါး၊ အားဖြင့် သာသနာ့အာဇာနည် ရဟန်းတော်တို့ ပေါ်ထွန်းလာခဲ့ပါသည်။
ထို့အပြင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ် (၁၀၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် “စေတိယင်္ဂဏ ပဝရသီရိ မဟာဓမ္မဂုရု” ဘွဲ့တံဆိပ်တော်အား –
– ပရိယတ္တိဝိသာရဒဂုဏ်၊ စာပေသင်ကြားမှု၌ ရဲရင့်ခြင်း။
– ဂန္ထကာရကဂုဏ်၊ ကျမ်းစာပေပြုစုခြင်း။
– ပဋိပတ္တိနိယတာစရဂုဏ်၊ ကမ္မဋ္ဌာန်း တရားမပြတ် အားထုတ်ခြင်း။
– စိရပဗ္ဗဇိတဂုဏ်၊ ရဟန်းဝါ သိက္ခာကြီးရင့်ခြင်း။
– သံဃဂရုသံဃပရိဏာယကဂုဏ်၊ သံဃာအများ၏ လေးစားခံရခြင်း။
စသည့် ဂုဏ်အင်္ဂါရပ်များကြောင့် သာသနာ့နယ်ပယ်တွင် ရဟန်းရှင်လူ အများ ပြည်သူတို့ လေးစားကြည်ညို ပူဇော်ကော်ရော်ခြင်း ခံရသော ဆရာတော်ကြီး (၄) ပါးဖြစ်သော “ပါမောက္ခချုပ် ဆရာတော်” “ကလေးဝဆရာတော်” “ယောဆရာတော်” “လှရတနာဆရာတော်” တို့အား ချီးမြှောက်ပူဇော် နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အစဉ်အလာကောင်းပြီး စနစ်တကျနှင့် ခက်ခဲစွာဖြေဆိုရသည့် ပရိယတ္တိဆိုင်ရာ စာလျှောက်မေးပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးကို နာယကဆရာတော်၊ ဩဝါဒဆရာတော်များ လမ်းညွှန်ကြီးကြပ်မှုနှင့် သဒ္ဓါတရား အပြည့်တို့ဖြင့် ကျင်းပခဲ့ကြသည့် ကုသိုလ်ထူးမှတဆင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါသည်။ စာအောင်အရှင်သူမြတ်ဘုရားသားတော်တို့ကို အမှီပြုကာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကောင်းကျိုးများ တိုးပွားကြပြီး၊ ဗုဒ္ဓသာသနာတော်ကြီး ရောင်ဝါနေသို့ အဓွန့်ရှည် တည်တံ့ထွန်းလင်းတောက်ပလျက် ရှိသည်ဟုလည်း ယုံကြည်သဒ္ဓါပွားရပါသည်။
ရွှေတိဂုံဗုဒ္ဓပူဇနိယပွဲတော်များကျင်းပခြင်း
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ဗုဒ္ဓသာသနာတော်၏ ပုံရိပ်ဖြစ်သည်သာမက စံပြရှေ့ဆောင်လည်း ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော်အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် စေတီတော်ဂေါပကအဖွဲ့က မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာနေ့ထူးနေ့မြတ် အခါတော်နေ့ အခမ်းအနားများကို စဉ်ဆက်မပြတ် ကျင်းပပူဇော်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းသောအားဖြင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ မြန်မာ့ယဉ်ကျေးမှုများကိုလည်း တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခြေပြုကာ ဗုဒ္ဓသာသနာတော်ဆိုင်ရာလုပ်ငန်းများနှင့် ရွှေတိဂုံစေတီတော် ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ဘာသာရေးအသင်းအဖွဲ့ ပေါင်း (၈၄) သင်းရှိပြီး၊ ဂေါပကအဖွဲ့ရုံးတွင် လခစားဝန်ထမ်းအင်အား (၉၂၄) ဦးနှင့် နေ့စား ဝန်ထမ်း (၃၂၆) ဦးရှိပါသည်။
ဘာသာရေးအသင်းအဖွဲ့ပေါင်း (၈၄) သင်း ပျမ်းမျှအင်အား (၄၀၀၀)ကျော်၊ ဝန်ထမ်းအင်အား (၁၂၅၀) ဦး စုစုပေါင်းအင်အား (၅၀၀၀)ကျော်တို့ကို အမာခံပြု၍ ဘုရားဖူး အလှူရှင်များ၏ ပေါင်းစပ်ပါဝင်လှူဒါန်းမှုဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၁၂) လရာသီပတ်လုံး ဗုဒ္ဓပူဇနိယပွဲတော်များကို ဘာသာရေးဆိုင်ရာ အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပပူဇော်လျက် ရှိပါသည်။
ရွှေတိဂုံစေတီတော် နှစ် ၂၅၀၀ ပြည့်ကောင်းမှုတော်
ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်သည် ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်မြောက်သော ကာလဖြစ်သောကြောင့် လွန်ခဲ့သော နှစ် (၁၀၀) သို့မဟုတ် ရွှေတိဂုံစေတီတော် နှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်သော ကောဇာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် ရွှေတိဂုံစေတီတော်၌ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သော ကုသိုလ်တော်ပွဲများကို ပြန်လည်လေ့လာသင့်မည် ဖြစ်ပါသည်။
ထိုကာလ၌ အောက်မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ရောက်ရှိသည်မှာ ကြာမြင့်ပြီး အင်္ဂလိပ်အစိုးရ၏ စည်းမျဉ်းခံဘဏ္ဍာတော်ထိန်း လူကြီးများက ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စကုသိုလ်တော်လုပ်ငန်းများကို ဆောင်ရွက်ရသော ကာလဖြစ်ပါသည်။
၁၂၆၈ ခုနှစ်မှ ၁၂၇၃ ခုနှစ်အထိ ကာလတွင် ကြာမှောက်၊ ကြာလှန်၊ ရွဲ စသည်တို့အား ကြေးဘောင်ဖရိန် ပြုလုပ်ပြီး ရွှေပြားသင်္ကန်းတော်များ ကပ်လှူခဲ့ရာ အောင်မြင်စွာ ပြီးမြောက်ခဲ့သောကြောင့် (၁၉၁၁ ခုနှစ်) ၁၃၇၃ ခုနှစ်၊ ကဆုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေပြားဖွင့်ပွဲ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပါသည်။
ရွှေပြားကပ်ထားသော ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန် ဧရိယာကို ကတ္တီပါလိုက်ကာအနီ ဖုံးအုပ်ထားပြီး ငြမ်းကြိုးကိုဆွဲပါက ကတ္တီပါလိုက်ကာ လျောကျပွင့်သွားစေရန် စီစဉ်ထားပါသည်။
အင်္ဂလိပ်အုပ်စိုးသောကာလဖြစ်သည်နှင့်အညီ အင်္ဂလိပ်အစိုးရ အကြီးအကဲများ ဖြစ်သော တရားဝန်ကြီးချုပ် (၄)ပါး၊ ပဂိုးမင်းကြီး ဘီလီဆင်သခင်၊ စစ်ဗိုလ်ချုပ်ကြီး အစရှိသော လူပရိတ်သတ်၊ မင်းပရိသတ်တို့ရှေ့တွင် ပတ်တနို သခင်ဘုရားတို့ ရွှေပြားဖွင့်လှစ်ရန် တောင်းပန်ချက်အရ ပထမအကြိမ် တိုက်အုပ်ဆရာတော်ဘုရားကြီးနှင့်တကွ သူကောင်းဖြစ် မြို့ဝန်မင်း ဦးဘိုးကြင်က ဩဘာစာဖတ်ကြားခြင်း၊ ပတ်တနိုသခင်က ရွှေပြားရွှေဆိုင်းများ ပြုပြင် ကပ်လှူသဖြင့် ပြည်သူလူထုက အထူးနှစ်သက်ကြောင်း ပြောကြားပါသည်။ ထို့နောက် ပွဲစားကြီး မြို့ဝန်မင်း ဦးဘိုးသာက ဘုရားကြီး၏ အတ္ထုပ္ပတ္တိ အခြေအမြစ်မှ ယခုနှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။ ရွှေပြားဖွင့်ပွဲ လူကြီးမင်း ဦးဘိုးမြိုင်က ရွှေပြားများ ဖွင့်လှစ်ပေးရန် အချိန်သင့်ပြီ ဖြစ်ကြောင်း တောင်းပန်၍ မင်္ဂလာအခါ ပေးပြီးသည်နှင့် သေနတ် (၆)ချက် ပစ်ဖောက်အမှတ်ပြုကာ ငြမ်းကြိုးကို ဆွဲငင်ဖွင့်လှစ်လိုက်ရာ ဖုံးအုပ်ထားသော ကြာဖတ်ကြီး (၉)ချပ်သည် ရွှေရောင်တဝင်းဝင်းတောက်၍ ဟင်းလင်းပွင့်လာပါသည်။ ဆက်လက်၍ အမြောက်ချက်ရေများစွာ ပစ်ဖောက်ကြပါသည်။ ထို့နောက် ကြွလာသူပရိတ်သတ်များအနက်မှ သံဃာတော်အပါး (၁၀၀)ကို ရောင်တော်ဖွင့်တန်ဆောင်း၌ ပွဲစားကြီး ဦးဘိုးသာ၊ ဦးဘိုးမင်း၊ ဦးနေဒွန်းတို့က လှူဒါန်းကျွေးမွေးပါသည်။ ပရိသတ်များကို တန်ဆောင်းများ၌ ဧည့်ခံကျွေးမွေးပါသည်။ ထို့နောက် ဘဏ္ဍာတော်ထိန်း လူကြီးများသည် အင်္ကျီရှည်ဘော့ဖြူဝတ်ဆင်ပြီးလျက် ရွှေပြားကပ်သူ ပန်းတိမ်ဆရာသက်ကို ရွှေဒင်္ဂါးပြား ကိုးပြားနှင့် တံဆိပ်တစ်ခု ဆုအဖြစ်ပေးကမ်း ချီးမြှင့်ကြပါကြောင်း ၁၉၁၁ ခုနှစ်၊ မေလ (၁၄)ရက်တွင် ကျင်းပသော ဘဏ္ဍာတော်ထိန်းအဖွဲ့အစည်းအဝေး၌ မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။
နယ်ချဲ့အင်္ဂလိပ် လက်အောက်ကျရောက်နေသော အခြေအနေ၌ပင် ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာတော်ထိန်း လူကြီးမင်းများသည် အများပြည်သူတို့ကို ဦးဆောင်၍ ရွှေပြားသင်္ကန်းတော်များ ကပ်လှူခြင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်ကြကြောင်း ရွှေတိဂုံစေတီတော် တည်ထားပူဇော်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်သောကာလသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်တွင် မှေးမှိန်ညှိုးငယ်စွာ ဖြတ်သန်းပြီးမြောက်ခဲ့ရပါ ကြောင်း ရှာဖွေတွေ့ရှိသမျှ ရွှေတိဂုံစေတီတော် နှစ် ၂၅၀၀ ပြည့်မြောက်သော ကာလကို ဖော်ပြအပ်ပါသည်။
ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ပွဲတော်
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ ပြည့်မြောက် ခဲ့ပြီဖြစ်သောကြောင့် ကြုံတောင့်ကြုံခဲလှသော ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ဦးရွက်ပြုကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ပါသည်။
နှစ် ၂၆၀၀ ပြည့်ပွဲတော်ကျင်းပခြင်းဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သက်တမ်းတော်ကို သတိပြု အမှတ်ရစေကာ ကြီးမြတ်သောဂုဏ်တော်များအား ဆပွားကြည်ညိုနိုင်ကြမည့်အပြင် မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်များကိုလည်း မမေ့မပျောက်စောင့်ရှောက်ရန်လည်း သတိရစေမည်ဖြစ်ပါသည်။ ပွဲတော်အကြို ကာလတွင် အထိမ်းအမှတ်တံဆိပ် Logo ရေးဆွဲပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပကာ ရွှေတိဂုံစေတီတော်ကြီးအား ဆိုင်ရာအသိပညာ၊ အတတ်ပညာများဖြင့် ပူဇော်လျက်ရှိကြပြီဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်၊ (၁၁-၂-၂၀၁၂) မှ စတင်၍ ရွှေတိဂုံစေတီတော်၌ ယခင်က တင်လှူပူဇော်ခဲ့ပြီး ပြတိုက်တွင် ထိန်းသိမ်းထားသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်၊ ဗိုလ်တထောင် မြို့နယ်များရှိ ဆံတော်ကြိုစေတီ (၁၀)ဆူ သို့လှည့်လည်ကာ ဒေသခံပြည်သူများ၏ဖူးမြော်ကြည်ညိုခြင်းကို အထူး ခံယူပါသည်။
လှည့်လည်ပူဇော်ခံသော ဆံတော်ကြိုစေတီများ
စေတီတော်ဘွဲ့ တည်ရှိသည့်ကျေးရွာ မြို့နယ် ရောက်ရှိမည့်ရက်စွဲ
ကျိုက်ဒေးကနောင် ဒေးတနော် ကွမ်းခြံကုန်း ( ၁၁ -၂ – ၂၀၁၂ )
ကျိုက်အံ့ခလွန်း အင်္ဂလုံး ကွမ်းခြံကုန်း ( ၁၂ – ၂ – ၂၀၁၂ )
ဆပုဂံ ဆပုဂံ ကော့မှူး ( ၁၃ – ၂ – ၂၀၁၂ )
ကျိုက်တဂိုးနွတ် တရုပ်ကုန်း ကော့မှူး ( ၁၄ – ၂ – ၂၀၁၂ )
ကျိုက်တဂိုးတွတ် တဂူခြံ ကော့မှူး ( ၁၅ – ၂ – ၂၀၁၂ )
ကျိုက်မွန်ထို လက်ခိုက် ကော့မှူး ( ၁၆ – ၂ – ၂၀၁၂ )
ကျိုက်ကော့မှူး ကော့မှူး ကော့မှူး ( ၁၇ – ၂ – ၂၀၁၂ )
ဖလကြီး ဘုရားကြီး တွံတေး ( ၁၈ – ၂ – ၂၀၁၂ )
ကျိုက်ကေသာ ကဘင်း တွံတေး ( ၁၉ – ၂ – ၂၀၁၂ )
ဗိုလ်တထောင်(ကျိုက်ဒေးအပ်) ဆိပ်ကမ်း ( ၂၀ – ၂ – ၂၀၁၂ )