ရတနာပုံနေပြည်တော်မှ မင်းတုန်းမင်းတရားကြီး ရွှေတိဂုံစေတီ ထီးတော်ကို ပြင်ဆင်၍ အသစ်တင်ရန် သဘောတူခြင်းကို အနောက်နိုင်ငံ သမိုင်းဆရာတို့က “ဤလုပ်ရပ်တွင် ရိုးရိုးဘာသာတရား ကိုင်းရှိုင်းမှုထက် အမျိုးသားရေးအနေဖြင့် ဆောင်ရွက်လိုသော သဘောက ပိုဟန်ရှိသည်၊ ၎င်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အား မိမိတို့၏ ရှင်ဘုရင် လက်အောက်တွင် တညီတညွတ် စည်းလုံးစေလိုသည့် ဆန္ဒပင်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဗြိတိသျှအာဏာပိုင်တို့က ရှင်ဘုရင်ကိုယ်တိုင် ကြွရောက်လာခြင်းမရှိစေရဟူသော တိကျသည့် နားလည်မှုယူ၍ ထိုအခမ်းအနားကို ခွင့်ပြုလိုက်ပေသည်။” ဟု ရေးသားထားသည်ကို တွေ့ရသည်။
မင်းတုန်းမင်းကြီး ထီးတော်ပင့်ဆောင်လှူဒါန်းသောကိစ္စတွင် နိုင်ငံရေးအရ အရှုပ်အထွေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မြန်မာမင်းကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုလည်းကောင်း၊ တိုက်ရိုက်ထီးတော်တင်ခွင့် မပေးဘဲ အင်္ဂလိပ်အစိုးရ၏ အရာရှိဝန်ထောက်ဦးအုန်းကို ထီးတော်တင်ပွဲ၌ ကြီးကြပ်စေသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စိန်ဖူး ငှက်မြတ်နား အပါအဝင် ထီးတော်ကြီးတစ်ခုလုံး အောင်မြင်စွာ တင်လှူပြီးစီးသည်။
ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ကိုတင်လှူသော ဒါယကာမှာ မင်းတုန်းမင်းတရားကြီးဖြစ်သော်လည်း ရန်ကုန်မြို့နေ ပြည်သူပြည်သားများမှ ဝိုင်းဝန်းလှူဒါန်းပူဇော်ခြင်းဖြင့် တိုင်းပြည်၏အုပ်ချုပ်ရေးသြဇာသည် တိုင်းတပါးသား လူမျိုးခြားတို့၏ လက်ထဲတွင် ရှိသော်လည်း လူမှုရေးသြဇာ ယဉ်ကျေးမှုသြဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ ရိုးရာအမွေအနှစ်အဆောက်အုံကြီးတို့၌ပင် ကိန်းအောင်းနေသည်ဟူသည့် သဘောကိုတွေ့ရှိ ရပါသည်။
ရွှေတိဂုံထီးတော်ကြီးအား မင်းတုန်းမင်းတရားကြီးကို ထီးတော်တကာခံယူနိုင်ရေးနှင့် ထီးတော်အသစ်တင်လှူနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုသည် မြန်မာပြည်သူပြည်သားတို့သည် တစိတ်တပိုင်းအားဖြင့် လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရပြီ၊ အစိုးရနှစ်ခုအောက်တွင် တကွဲတပြားစီနေထိုင်ရသော်လည်း ကိုးကွယ်ယုံကြည်မှုကိစ္စ၌ တညီတညွတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် “အထက်နှင့် အောက်” မြန်မာနိုင်ငံသားတို့သည် ရုပ်ပိုင်းဘဝ၌ ခြားနားသောပတ်ဝန်းကျင်တွင်ရှိနေကြသော်လည်း စိတ်ပိုင်းဘဝ၌မူ မကွဲမပြား တစ်သားတည်းရှိနေကြခြင်းပင် ဖြစ်လေသည်။
ဤအချိန်တွင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ စာရေးစာချီ၊ မင်းမှုထမ်းများ၊ ကျောင်းသားများဟူ၍ ခေတ်ကာလအလိုက် လူတန်းစားဘဝအလွှာလွှာ အသီးသီး ကွဲကွဲပြားပြား ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုသူများတွင် မြန်မာ၊ မွန်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ဖြစ်ကြပါသည်။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်များသော် လည်းကောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နီးစပ်ပွန်းတီးရင်းနှီးသူများသော်လည်းကောင်း ဖြစ်ကြပါသည်။
ကိုလိုနီနယ်ချဲ့စနစ်၊ အင်္ဂလိပ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် အခန့်သင့်သလို နေထိုင်လုပ်ကိုင် အသက်မွေးနေကြရသော်လည်း၊ ပေါ့ပေါ့ဆဆနေကြသူများမဟုတ်။ ကိုလိုနီနယ်ချဲ့စနစ်လက်အောက်၌ ခေတ်သစ်လူနေမှုစနစ်တွင် အကျုံးဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ထိတွေ့ခွင့်ရခြင်း၊ ခေတ်မှီနည်းပညာကိုသင်ကြားရခြင်း၊ နိုင်ငံတကာအတွေ့အကြုံရရှိခြင်း စသည်တို့သည် မြန်မာတို့၏ရှိပြီး သား အသိဉာဏ်ကိုတိုးပွားအောင်၊ ကျယ်ဝန်းအောင်၊ ဖန်တီးပေးခဲ့ကြသည်ဟုဆိုနိုင်ပါမည်။
အကျိုးအကြောင်းဆက်စပ်မျှော်ခေါ်နိုင်သော ခေါင်းဆောင်ခေါင်းရွက်လုပ်သူတို့အား “အမျိုး၊ ဘာသာ၊ ပညာ” ဟူသော ကြွေးကြော်သံကို ကြွေးကြော်လာကြသည်။ ဤကြွေးကြော်သံများ ကြားလိုက်လျှင်မူ မြန်မာပင်ကိုဉာဏ်ဖြင့် သိမှီသမျှ ဝေဖန်ချင့်ချိန်တွေးတော ကြမည်ဖြစ်ပါသည်။ ထိုကာလ၌မှ မြန်မာပြည်တစ်ပြည်လုံး “ထီးကျိုးအုတ်ပေါက်” နိုင်ငံပျောက်ခဲ့သည်ရမှာ မကြာမတင် နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း ဖြစ်ခဲ့ရသည်တို့ ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်၏ အရိပ်အာဝါသတွင်နေထိုင်ရသော ခေတ်မီစပြုလာသော မြန်မာတို့၏စိတ်ထဲတွင် တိုင်းပြည်အုပ်ချုပ်ရေး ဩဇာသည် တိုင်းတပါးလူမျိုးခြားတို့၏ လက်ဝယ်၌ရှိနေသော်လည်း လူမှုရေးဩဇာ၊ ယဉ်ကျေးမှုဩဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီး ကဲ့သို့သော ရိုးရာအမွေအနှစ်အဆောက်အအုံကြီးတို့၌ပင် ကိန်းအောင်းနေသေးသည့် သဘောပင်ဖြစ်ပါ သည်။
သို့အတွက်မြန်မာတို့၏ အထွဋ်အမြတ်ပြုရာ ဘုရားစေတီတော်ကို တက်ရောက်သူတိုင်းသည် မြန်မာ့ယဉ်ကျေးမှုထုံးထမ်းစဉ်လာအရ ဘိနပ်၊ ခြေနင်းတို့ကိုချွတ်ပြီးမှ တက်ရောက်ကြရပါသည်။ ထိုသို့ ဘိနပ်မချွတ်ဘဲတက်ရောက်ကြသူတို့ကို မြန်မာတို့၏မျက်စေ့ထဲတွင် အမြင်မဖြောင့်၊ မကြည်ဖြူနိုင်၊ ခွင့်မလွှတ်နိုင်ဖြစ်ကြရပါသည်။
ထို့အပြင် မြန်မပြည်သူပြည်သားများ လွတ်လပ်စွာကြည်ညိုဖူးမြော်နိုင်ရမည့် စေတီတော်ကြီး တွင် မုခ်ပေါက်တစ်ဘက်ကိုပိတ်၍ စစ်တပ်ဆွဲထားခြင်း၊ ရင်ပြင်တော်တွင် စစ်သင်္ချိုင်းပြုလုပ်မြှုပ်နှံထား ခြင်းတို့ကိုလည်း မြန်မာတို့အနေဖြင့် အလိုမကျ၊ ကန့်ကွက်၊ ရှုံချရေးသားလာကြသည်ကို တွေ့မြင်ရပါ သည်။
ထိုအခါတိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးရန် အသင်းအဖွဲ့များကို ခေတ်ကာလ လိုအပ် ချက်နှင့်အညီ သဘာဝကျစွာ တည်ထောင်ခဲ့ကြပါသည်။ ယင်းတို့အနက် ၁၉၀၆ ခုနှစ်တွင် တည်ထောင် သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှာ ဦးစွာပေါ်ပေါက်လာသော အသင်းတစ်သင်းဖြစ်ပါ သည်။ ထိုအသင်းများသည် အမိအဘ၊ ဆရာသမား၊ ရဟန်းသံဃာစသည်တို့၏ ဩဇာခံကာ စတင် ဆောင်ရွက်လာကြပါသည်။ နယ်ချဲ့သမားကို ဆန့်ကျင်သော ဆုံးဖြတ်ချက်ကိုချလာကြပါသည်။ နယ်ချဲ့ကြီးစိုးသောလုပ်ငန်းဌာနများကို သပိတ်မှောက်သောအခါ သပိတ်စခန်းများကို ရွှေတိဂုံစေတီတော် ရင်ပြင်၌ပင် ဖွင့်ခဲ့ကြပါသည်။ နယ်ချဲ့အစိုးရကိုဆန့်ကျင်အန်တုကာ လမ်းပြလှုံ့ဆော်သော “တို့ဗမာ သီချင်း” ကို ကုန်းတော်ပေါ်တွင်စ၍ သီဆိုလာကြပါသည်။
ကြာသော်ရွှေတိဂုံကုန်းတော်တစ်ဝိုက်သည် နယ်ချဲ့တော်လှန်ရေးခြေကုတ်စခန်းကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ တိုင်းပြည်လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတို့သည် နိုင်ငံရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံရေးသည် လူမှုရေး၌အကျုံးဝင်သည်။ ထို့ကြောင့်ရွှေတိဂုံစေတီတော်သည် နယ်ချဲ့သမားတို့အား ထိုး နှက်ရန် မြန်မာတို့၏ လူမှုရေးခံကတုတ် ယဉ်ကျေးမှုခံကတုတ်ကြီး ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။
၁၉၃၆-ဒုတိယတက္ကသိုလ်သပိတ်
ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်က ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းအမှတ်(၁)၏ အယ်ဒီတာထံပေးစာအခန်းကဏ္ဍမှာ ယမမင်းကလောင် အမည်နှင့် ကိုညိုမြရေးသည့် “ငရဲခွေးကြီးလွတ်လာပြီး သရမ်းနေသည်” (The Hell Hound At Large) ခေါင်းစဉ်နှင့် ပေးစာ ပါရှိပါသည်။ လူ့ပြည်တက္ကသိုလ်နယ်မြေမှာ ခွေးနက်ကြီးတစ်ကောင် သောင်းကြမ်းနေကြောင်းနှင့် အဝီစိမှလွတ်လာသည့် ထိုခွေးနတ် ကြီးကို တွေ့ရှိသူက အဝီစိသို့ အမြန် ပြန်ပို့ပေးပါရန် နှိုးဆော်ထားသည့် စာဖြစ်ပါသည်။ မျိုးချစ်ကျောင်းသားတွေကို ဖိနှိပ်သည့်တက္ကသိုလ် အာဏာပိုင်တစ်ဦးကို ရည်ညွှန်းကြောင်း ပေါ်လွင်နေသောကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို အောင်ဆန်းအား ယမမင်းဆိုသည့်သူကို ဖော်ထုတ်ပေးပါရန် တက္ကသိုလ်ကျောင်းအုပ်ကြီးကမှ တောင်းဆိုပါသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့ထုံးစံအရ ထုတ်ဖော်ပြောခွင့် မရှိကြောင်း အကြောင်းပြန်ခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနုကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်ပါသည်။ ထုတ်ပယ်စာကို ၁၉၃၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကိုနုလက်ခံရရှိပါ သည်။ အဲဒီတက္ကသိုလ်ပညာသင်နှင့် ဇန်နဝါရီ ၃၁ရက်နေ့မှ ကျင်းပခဲ့သည့် စကားရည်လုပွဲ၌ သမဂ္ဂဥက္ကဋ္ဌကိုနုက မိန့်ခွန်းပြောရာမှာ တက္ကသိုလ်အာဏာပိုင်အချို့ ကျောင်းသူကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်နေပုံကို ထည့်ပြောခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ကိုနုကို ကျောင်းမှထုတ်သလို ကိုအောင်ဆန်း ကိုလည်း ကျောင်းမှထုတ်တော့မည်ဆိုသည့် သတင်းတွေ ထွက်ပေါ်ပျံ့နှံ့လာပါသည်။
ထို့ကြောင့် ကျောင်းထုတ်သည့်ကိစ္စအပေါ် ဆွေးနွေးရန် ၁၉၃၆ ခု ဖေဖော်ဝါရီ ၂၃ မှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အစည်းအဝေးခေါ်ပါသည်။ အမှုဆောင်အစည်းအဝေးက တစ်ဖန် ၁၉၃၆ခု ဖေဖော်ဝါရီလ (၂၅)မှာ ကျောင်းသားထုကို အစည်းအဝေး ခေါ်ပါသည်။ ၈၀၀ ခန့် ရှိသော ကျောင်းသားထုအစည်းအဝေး တက်ရောက်ကြပြီး တက္ကသိုလ်အာဏာပိုင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်ကြောင်း သပိတ်မှောက်ကြပါသည်။ သပိတ်ရုံးခန်းကို ရွှေတိဂုံဘုရားအနီးရှိ မော်လမြိုင်ဇရပ်မှဖွင့်ခဲ့ပါသည်။ ရန်ကုန်နှင့် တစ်နိုင်ငံ လုံးရှိ အထက်တန်းများကလည်း လိုက်၍ သပိတ်မှောက်ကြပါသည်။ နောက်ပိုင်းမှာ အထွေထွေကျောင်းသားသပိတ်ကြီး ဖြစ်လာပါသည်။ တက္ကသိုလ်ဥပဒေအချို့၊ ပညာရေးအချို့တို့ ပြင်ပေးရန်အပါအဝင် အချက် ၁၂ ချက်ကို သပိတ်မှောက်ကောင်စီက တက္ကသိုလ် အာဏာပိုင်တို့ထံ ပေးပို့တောင်းဆိုခဲ့ကြပါသည်။ ထို့ကြောင့်အစိုးရဘက်က ဒုတိယအဓိပတိဦးဆက်ခေါင်းဆောင်သည့် တက္ကသိုလ်သပိတ် စုံစမ်းရေးကော်မတီနှင့် ဆာမြဘူး ခေါင်းဆောင်သည့် တက္ကသိုလ်ဥပဒေပြင်ဆင်ရေး အကြံပေးရမည့်ကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ရပါသည်။ ထို့ကြောင့် ၁၉၃၆ခု မတ်လ ၁၀ရက်နေ့တွင် သပိတ်လှန်ခဲ့ကြပါသည်။
၁၉၃၈-တတိယတက္ကသိုလ်သပိတ် (ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး)
၁၉၃၈ခုနှစ် ဇန္နဝါရီလ ၈ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့သည့် ချောက်ရေနံမြေ အလုပ်သမား သပိတ်ကြီးကစ၍ ကိုလိုနီခေတ်မှာ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ဖြစ်ခဲ့ရပါသည်။ မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ်မှာ ကျရောက်၍ ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး ဟုဆိုကြ ပါသည်။ ဤအရေးတော်ပုံကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တို့ဗမာအစည်းအရုံး အဖွဲ့ကဲ့သို့နိုင်ငံရေးအဖွဲ့များ၊ ဝန်ထမ်းများနှင့် အလွှာပေါင်းစုံပြည်သူများပါဝင်ပြီး တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား များလည်း ထိုအရေးတော်ပုံကြီးမှာ အားတက်သရောပါဝင်ရာက တစ်နိုင်ငံလုံးကျောင်းသားများပါ ပါဝင်လာပြီး အထွေထွေကျောင်းသား သပိတ်ကြီး ဖြစ်ခဲ့သောကြောင့် တတိယတက္ကသိုလ်သပိတ်ဟု ဆိုရပါသည်။ သမိုင်းအရဆိုလျှင် ထောင့်သုံးရာပြည့်အရေးတော်ပုံ အဖြစ်ထင်ရှားပါသည်။
၁၉၃၈ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့မှာ ချောက်မြို့ BOC ကုမ္ပဏီမှ စက်ပြင်ဆရာ သခင်ခင် ခွင့်ယူသည့်ကိစ္စအပေါ် အရေးယူခဲ့ခြင်းကို အကြောင်းပြု၍ ချောက်ရေနံမြေသပိတ် စတင်ဖြစ်ပေါ် ခဲ့ပါသည်။ ချောက်မှသပိတ်ဟာ ရေနံချပ်၊ လမ်းရွာ၊ ရေနံချောင်းတို့ကို အရင်ပျံ့နှံ့ခဲ့ပါသည်။ ဗြိတိသျှအစိုးရနှင့် BOCကုမ္ပဏီတို့က နည်းမျိုးစုံနှင့် သပိတ်ကိုဖြိုခွင်းပေမယ့် မအောင်မြင်ခဲ့ပါ။ အလုပ်သမားများ တင်ပြသည့်အချက်တွေကိုလည်း အရေးယူမှုမပြုခြင်းကြောင့် ၁၁လကျော်ကြာ ခဲ့ပါသည်။ ထို့ကြောင့် ရန်ကုန်ကို ချီတက်ဆန္ဒပြရန် ဆုံးဖြတ်ပြီး ၁၉၃၈ ခု နိုဝင်ဘာ ၃၀ ရက်နေ့မှာ ချောက်မြို့မှ ရေနံမြေတပ်ကြီး ထွက်ခွာခဲ့ပါသည်။ ရေနံတပ်ကြီးကို သခင်ဘိုးလှကြီးနဲ့ အလုပ်သမား ခေါင်းဆောင်များ သခင်များက ဦးဆောင်ချီတက်ခဲ့ပါသည်။ ၁၉၃၈ ဒီဇင်ဘာလ (၄)ရက်နေ့မှာ မကွေးမြို့ကိုရောက်ရှိပါသည်။ ရေနံတပ်သားအင်အား ၁၀၀၀၀ မှ ၁၀၅၀၀ ဖြစ်လာပါသည်။ ဗြတိသျှ အစိုးရက ဆက်လက်ပြီး မချီတက်နိုင်အောင် အကြမ်းဖက် ဟန့်တားကြပါသည်။ တို့ဗမာအစည်းအရုံးဝင်သခင်များနဲ့ ကျောင်းသားခေါင်းဆောင်များ သွားရောက်အားဖြည့်ပြီး တရားပွဲများ ပြုလုပ် ဆန့်ကျင် ပြောဆိုကြပါသည်။ ဗြတိသျှအစိုးရကလည်း ကျောင်းသားခေါင်းဆောင်တွေကို အရေးယူပါသည်။
၁၉၃၈ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့မှာ ရေနံတပ်ကြီး ဆက်လက်ချီတက်ခဲ့ရာတွင် ဒီဇင်ဘာ (၂၀)ရက်နေ့မှာ ပြည်ကို ရောက်ပါသည်။ ထိုနေ့တွင် ရန်ကုန်မြို့မှာ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပွားပါသည်။ မကွေးရောက် ကျောင်းသားခေါင်းဆောင် များဖြစ်ကြသည့် ကိုဟိန်းနှင့်ကိုဘဆွေတို့ ကို မကျေနပ်သောကြောင့် သပိတ်မှောက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ အတွင်းဝန်ရုံးကို ဝန်းရံဆန္ဒ ပြသောအခါ နယ်ချဲ့အစိုးရမှ ကျောင်းသားတွေကို ရက်စက်စွာ မြင်းနဲ့တိုက်၊ တုတ်နဲ့ရိုက်လုပ်ကြ ပါသည်။ ဂျက်ဆင်ကောလိပ် ကျောင်းသားကိုအောင်ကျော် ကျဆုံးခဲ့ရပြီး ကျောင်းသားများစွာ ဒဏ်ရာရခဲ့ကြပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ မခံနိုင်၍ပါဝင်လာသောကြောင့် အထွေထွေကျောင်းသားသပိတ်ကြီး ဖြစ်ခဲ့ပါသည်။
ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ လယ်သမားများလည်း ရန်ကုန်ကိုချီတက်လာပါသည်။ ရေနံတပ်ကြီးနှင့်အတူ ၁၉၃၉ ဇန္နဝါရီလ (၈)ရက်နေ့မှာ ရန်ကုန်ကို အတူတူဝင်ရောက်လာကြပါသည်။ ရွှေတိဂုံကိုသာ ဦးတည်စုဝေးလာကြပြီး ရွှေတိဂုံမှာ လူထုအစည်းအဝေး ပွဲများကျင်းပကာ ဆုံးဖြတ်ချက်တွေချ တောင်းဆိုချက်တွေဆို၊ ကြွေးကြော်သံတွေ ကြွေးကြော်နှင့် ဆန့်ကျင်လှုပ်ရှား ကြပါသည်။ ရန်ကုန်နှင့် တပြည်လုံးရှိ စက်ရုံ အလုပ်ရုံ ဆန္ဒပြမှုများ ဖြစ်ခဲ့ပါသည်။ မန္တလေးမြို့မှာလည်း ကျောင်းသားတွေမှာ ရဟန်းရှင်လူပြည်သူတွေနှင့် လက်တွဲပြီး သပိတ်တိုက်ပွဲတွေဆင်နွှဲကြပါသည်။ နယ်ချဲ့အစိုးရက အကြမ်းဖက်၍ ကျောင်းသားနှင့် ရဟန်းရှင်လူပြည်သူ (၁၇)ဦး ကျဆုံးခဲ့ရပါသည်။
၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးဖြစ်ပြီး၊ အရင်းအနှီး ပေးဆပ်မှုများလည်း ကြီးပါသည်။ အကျိုးဆက်လည်း ကြီးပါသည်။ ဒေါက်တာဘမော်ရဲ့ ညွန့်ပေါင်းအစိုးရပြုတ်ကျသွားသည်။ အလုပ်သမားများ၏နစ်နာချက်များ လိုက်လျောပြုပြင် ပေးရ သည်။ တောင်သူလယ်သမား သီးစားဥပဒေများ ပြင်ဆင်ပေးရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတွေ ပေါ်ပေါက်ခဲ့ရသည်။ နိုင်ငံရေးပိုမိုနိုးကြားလာပြီး လွတ်လပ်ရေးကိုဦးတည်သည့် ညီညွတ်မှုကြီးကို ရရှိခဲ့ပါသည်။
ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည့်ကိစ္စ
မြန်မာတို့နှင့် နိုင်ငံခြားသားများ ဆက်ဆံရေးတွင် ဖိနပ်စီးခြင်းနှင့်စပ်လျဉ်းသော ပြဿနာနှစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ပထမ ဖိနပ်ပြဿနာမှာ နိုင်ငံခြားမှလာရောက်သော သံတမန်များသည် ဘုရင်မင်းမြတ် ရှေ့တော်မှောက်သို့ ဝင်ရောက်ရာတွင် အခြားမှူးမတ် ဗိုလ်ပါ အားလုံးနည်းတူ ဖိနပ်ချွတ်၍ ဝင်ပြီး ဒူးတုပ် ခစားရသော ကိစ္စဖြစ်သည်။
ဒုတိယဖိနပ်ပြဿနာမှာ မြန်မာတို့ဘက်က မခံမရပ်နိုင်သော ကိစ္စဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာ ပထမ ဖိနပ်ပြဿနာကဲ့သို့ လူမှုရေး အကြောင်းမဟုတ်၊ ဘာသာရေးအကြောင်းဖြစ်သည်။ မြန်မာတို့သည် ဖိနပ်ချွတ်ခြင်း(ဝါ)ဖိနပ်ခြေနင်းမပါဘဲ ထွက်ဝင်လာခြင်းကို ရိုသေကိုင်းရိုင်းမှု၊ အလေးအမြတ်ထားမှုကို ဖော်ပြသည့် အမူအရာဟု ရိုးရာဓလေ့ယဉ်ကျေးမှုအရ လက်ခံထားကြပါသည်။ နိုင်ငံခြားသား တို့ကမူ မြန်မာ့အထွတ်အမြတ် အထိမ်းအမှတ်ဖြစ်သော ကျောင်း၊ ကန်၊ စေတီ၊ ဘုရားတို့၏ ပရိဝုဏ်အတွင်း၌လည်း ဖိနပ်စီးလိုကြသည်။ စီးလည်းစီးခဲ့ကြသည်။ ခရစ်နှစ် ၁၇၉၆ ခုနှစ်တါင် လာရောက်ခဲ့သော အင်္ဂလိပ်သံဟီရမ်ကောက်သည် ဖိနပ်ချွတ် ရမည်စိုးသောကြောင့် ရွှေတိဂုံစေတီရင်ပြင်သို့ မတက်ဘဲ ခြေတော်ရင်းဇရပ် တစ်ခုရှေ့မှသာ သွား၍ ဘုရားဖူးများ လာရောက် ကြသည်ကို ကြည့်ရှုခဲ့သည်။
မြန်မာပြည်သူတို့စိတ်ထဲတွင် ရွှေတိဂုံစေတီတော်ကဲ့သို့ တန်ခိုးကြီးဘုရားများတွင် မျက်နှာဖြူအုပ်ချုပ်ရေးအရာရှိများ၊ ကုလား စစ်သားများ ဖိနပ်စီး၍ စေတီတော်ရင်ပြင်ပေါ်သို့ တက်ခြင်းကို လုံးဝနှစ်သက်ခြင်း မရှိခဲ့ကြပေ။ ခရစ်နှစ် ၁၈၁၈ ခုနှစ်တွင် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ပဲခူးမြို့ ရွှေမော်ဓေါဘုရားကြီးပေါ်သို့ တက်ရောက်ရာတွင် ဖိနပ်မချွတ်ဘဲ တက်ရောက်ကြည့်ရှုရသည့် အကြောင်း ပြည်သူတို့ ကြားသိရသောအခါ ဂေါပကလူကြီးများက ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းကြီးသို့ တိုင်ကြားခဲ့ပါသည်။ အသင်းကြီး ၏ အတွင်းရေးမှူးဖြစ်သော ဝတ်လုံတော်ရဦးသိမ်းမောင်သည် ပြည်မြို့တွင်နေထိုင်ခဲ့စဉ် ရွှေဆံတော်ဘုရား ခြေတော်ရင်း၌ ဥရောပတိုက် သားများမှအပ ဖိနပ်စီးခွင့်မပြုဟူသော ဆိုင်းဘုတ်ဖြတ်ချရေးကို ကြိုးစားခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ၌လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဥပဇာရင်ပြင်တော်၌ ဥရောပတိုက်သားများ ဖိနပ်မစီးရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
အတွင်းရေးမှူး ဦးသိမ်းမောင်သည် ဘုရားပေါ်တွင် ဖိနပ်စီးသည့်ကိစ္စကို အကြောင်းပြု၍ ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ၁၉၁၈ ခု မေလ ၉ ရက်၌ ပြည်လုံးကျွတ်အစည်းအဝေးခေါ်ယူ၍ တင်ပြဆွေးနွေးကြပါသည်။ ယင်းလူထုအစည်းအဝေးမှ ဘုရားမြေ၊ ကျောင်းမြေအတွင်း ဖိနပ်မစီးရဟူသော အဆိုတစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။
သာသနာ့အဆောက်အအုံ၊ စေတီတော်၊ ဘုရားဝတ္တကမြေများပေါ်တွင် နိုင်ငံခြားသားများ ဖိနပ်စီးခြင်းကို မြို့ရောတောပါ ဗုဒ္ဓ ဘာသာဝင် ပြည်သူများက မလိုလားကြသဖြင့် “ ဖိနပ်မစီးရေး” ကိစ္စမှာ အောင်မြင်သွားခဲ့လေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဘုရားပေါ်တွင် ဖိနပ်စီးခြင်းကို တားမြစ်လိုက်နိုင်သဖြင့် ကိုလိုနီနယ်ချဲ့၏သြဇာကို ကန့်သတ်နိုင်ခဲ့ပြီး အမျိုးသားရေးအတွက် တစ်နည်းတစ်ဖုံ သွေးထိုးလှုံ့ဆော်နိုင်ခဲ့ပါသည်။ ရွှေတိဂုံစေတီတော်တွင် ဖိနပ်မစီးရေးအတွက် မြန်မာမျိုးချစ်များသည် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပြလျက် ကန့်ကွက်ရာမှ အောင်မြင်မှုသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေရေးအတွက် အထင်ကရအောင်မြင်မှု ဖြစ်ရပ်ဖြစ်ပါသည်။